ရွှေဘိုခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို  သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူရေးရာဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား အထက်ဌာနမှထုတ်ပြန်ထားရှိသည့် အမိန့်နှင့်ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့် အချက်များအား သိရှိစေရန် လစဉ်တွေ့ဆုံ၍ ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

             ဇွန်လ(၂၄)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းခွဲမှ စားအုန်းဆီများ ရောင်းချပေးရန် တင်ပြမှုအား အထက်ဌာန၏ညွှန်ကြားမှုဖြင့် ကုမ္ပဏီအလိုက် ဆီလက်ကျန်အပေါ် ခန့်မှန်းတွက်ချက်၍ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အပေါ်  ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းများမှ ဒေသတွင်းရှိ ဆီကုန်သည်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်း လက်ကားဈေးနှုန်အပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ရောင်းချသွားရန်နှင့် လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် သက်ဆိုင်ရာခရိုင်ဦးစီးမှူးများအနေဖြင့် ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် အထက်ဌာနမှညွှန်ကြားထားသဖြင့် အသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ရောင်းချသည့်လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ရှင်းလင်းထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များမှလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနမှ (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil) နှင့် စပ်လျဉ်း၍ ကုန်အညွန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)သည် (၆)လပြည့်မြောက်ပြီဖြစ်၍ စီးပွားရေးလုပ်ငန်း ရှင်များမှ လိုက်နာဆောင်ရွက်မှုမရှိဘဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း ဥပဒေပြဌာန်းချက်များ၊ အမိန့်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ မိမိတို့ဌာန၏ အတည်ပြုချက်ရယူနိုင်ရေး လာရောက်လျှောက်ထားရန်လိုကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလေ့လာသင့်သည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)