မုဒုံမြို့နယ်တွင် ဒူးရင်းသီးများစတင်ထွက်ရှိပြီး စျေးကောင်းရရှိကာ စိုက်ပျိုးသူများ အဆင်ပြေ

Powered by Drupal

  မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ဒူးရင်းသီးများ စတင်ထွက်ရှိချိန် လူကြိုက်များသည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

   မုဒုံမြို့နယ်တွင် ဒူးရင်းပင် အမျိုးအစားပေါင်း (၂၀)ခန့်စိုက်ပျိုးကြရာ မွန်ထောင်း၊ ချန်နီ၊ မလေးမျိုး (မူဆန်ကင်း)၊ ယိုဒယားမျိုးတို့ကို ပျိုးပင်များနှင့် ကိုင်းဆက်ကိုင်းကူးနည်းတို့ဖြင့် အဓိကထား အများအပြားစိုက်ပျိုးကြသည်။ ဒူးရင်းပင် ကိုင်းဆက်မျိုးများကို စိုက်ပျိုးပြီး (၃)နှစ်ခန့်အကြာတွင် အသီးများစတင်ထွက်ရှိကြောင်း၊  ဒူးရင်းပင် တစ်ဧကလျှင် အပင်တန်း ကြား (၃၀)ပေ ပတ်လည်စိုက်ပျိုးမည်ဆိုပါက ၄၈ ပင်၊ (၂၅)ပေ ပတ်လည်စိုက်ပျိုးမည်ဆိုပါက အပင် (၇၀)ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ အပင်များ ပိုးမကျအောင်နှင့် သဘာဝ ဓာတ်မြေသြဇာများ ထည့်သွင်းခြင်း လုပ်ငန်းများကို နည်းစနစ်တကျ စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဒူးရင်းမျိုးကောင်းတစ်ဧက စိုက်ပျိုးခြင်းဖြင့် တစ်နှစ်လျှင် ဝင်ငွေကျပ် သိန်း (၁၀၀)ကျော် ရရှိနိုင်ကြောင်း၊ ယခုဒူးရင်းသီးများ စတင်ထွက်ရှိချိန် ဒူးရင်းအမျိုးအစားပေါ် မူတည်၍ တစ်ကီလိုလျှင် ငွေကျပ် (၁၅၀၀၀) အထက်ရရှိကြောင်း ဘဲရမ်းကျေးရွာမှ ဒူးရင်းသီးစိုက်ပျိုး တောင်သူတစ်ဦးကပြောသည်။

DOCA(မွန်)