
မွန်ပြည်နယ်၊ မုဒုံမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ၂၇.၅.၂၀၂၅ ရက်နေ့ နံနက် (၇:၃၀) နာရီအချိန်က မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးသုဿာန်ဝင်း မြေနေရာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးကျော်ဇောအောင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များ ပေးအပ်သည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းတို့မှ အသင်းသားများနှင့် ပြည်သူများ အင်အား (၁၀၀) ခန့်က မန်ဂျန်ရှားပင် ၄၀၀၊ အော်ရီးရှားပင် ၄၀၀၊ မဟော်ဂနီပင် ၁၀၀၊ သင်္ကန်း ၅၀၊ ပျဥ်းမ ၅၀ တို့ကို သတ်မှတ်နေရာ အသီးသီးတွင် တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။
မုဒုံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ မျှတသောရာသီဥတုရရှိစေရေး၊ အပူဒဏ်အန္တရာယ်ကာကွယ် နိုင်ရေးနှင့် သစ်တောသစ်ပင် နှစ်ရှည်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် ယခုနှစ်တွင် ပျိုးပင်ပေါင်း (၃၅၀၀၀)ကို စိုက်ပျိုးထားရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများတွင် စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA (မွန်)