
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၆.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာ့ရိုးရာသနပ်ခါးလုပ်ငန်းအကြောင်းကိုသိရှိစေရန် ပခုက္ကူမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ “ဦးကျော်အောင် ရှင်မတောင်သနပ်ခါးပင်ရင်း”ပွဲရုံသို့သွားရောက်၍ လုပ်ငန်းအခြေအနေ များအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
လုပ်ငန်းရှင်ဦးကျော်အောင်က ၁၉၇၉ ခုနှစ်ကစတင်၍ မြိုင်မြို့နယ်၊ မြောက်ဆယ် ကျေးရွာမှာ သနပ်ခါးခြံ (၁)ဧက စတင်စိုက်ပျိုးခဲ့ကြောင်း၊ ယခုအခါ (၈)ဧကထိ စိုက်ပျိုးထားကြောင်းနှင့် ရှင်မတောင်၊ အရာတော်၊ ပေါက်၊ ဗန့်ပွေးနယ်၊ ရွှေဘိုနယ်တို့ရှိ သနပ်ခါးစိုက်တောင်သူများဆီမှ ဝယ်ယူကြောင်း၊ ဖြန့်ဖြူးမှုအနေဖြင့် ပခုက္ကူမြို့ပေါ်သာမက တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးကြောင်း၊ သနပ်ခါးဝယ်ယူရာတွင် အပင်ကြီး (၃၀၀/၄၀၀)ခန့်ကို သိန်း (၃၀)ခန့်နှင့် အပင်သေး (၁၀၀၀) ခန့်ကို ကျပ်သိန်း(၂၅)ခန့် ဝယ်ရကြောင်း၊ ပြန်ရောင်းချရာတွင် အများအားဖြင့် အလျား(၂)တောင်ခန့်ကို အတုံးအသေး/အကြီးနှင့် အပွေးကောင်း/မကောင်းပေါ်မူတည်၍ ကျပ်(၁၀၀၀ မှ ၅၀၀၀) ရောင်းချ ရကြောင်း၊ အရောင်းအဝယ်အနေဖြင့် (၁)လပျှမ်းမျှ ကျပ်သိန်း(၁၅၀)ခန့် ရောင်းအားရှိကြောင်း၊ ၎င်းအနေဖြင့် မြန်မာနိုင်ငံသနပ်ခါးအသင်းမှာ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သလို ပခုက္ကူမြို့နယ်၊ သနပ်ခါးအသင်းမှာလည်း ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေကြောင်း၊ ယခုအခါမှာ နိုင်ငံတော်အဆင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သနပ်ခါးလုပ်ငန်းရှင်များ အပါ အဝင် သနပ်ခါးကိုချစ်မြတ်နိုးသူများမှလည်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုတွေကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းနိုင်ရေးဆောင်ရွက်နေမှုများအပေါ် တာဝန်ရှိလူကြီးမင်းများကို ကျေးဇူးတင်ကြောင်းနဲ့ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)