မုံရွာစီးပွားရေးတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

               စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့က ကျင်းပပါခဲ့သည်။

        အခမ်းအနားတွင်  မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကြိုင်ကြိုင်သက်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုအခါမြန်မာနိုင်ငံတွင် ဆီးချိုရောဂါနှင့် ကင်ဆာရောဂါ ဖြစ်ပွားမှု များပါကြောင်း၊ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ရွေးချယ်စားသုံးတတ်ရန်အရေးကြီးပါကြောင်း၊ မိမိတို့အားလုံးသည်စားသုံးသူများဖြစ်ကြသည့်အတွက် စားသုံးသူအခွင့်အရေးများကို ကောင်းစွာသိရှိရန်နှင့် အခွင့်အရေးချိုးဖောက်ခံရပါက မည်သည့်ဌာနအဖွဲ့အစည်းကို မည်သို့တိုင်ကြားရမည်ကို သိရှိကြရန် လိုအပ်ပါကြောင်း၊ စားသုံးရေးရာဦးစီးဌာနနှင့်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ယခုကဲ့သို့ လာရောက်ဟောပြောသည့်အတွက် မုံရွာစီးပွားရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံးကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားပါ သည်။

           ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏လုပ်ငန်းဆောင်ရွက်မှုများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးများနှင့် တာဝန်များကို  အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က “စားသုံးသူနစ်နာမှုများအား ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဌာနက ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူ တိုင်ကြားမှုဖြစ်စဉ်များ" ကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူးဒေါ်မေဇင်က “အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအကြောင်းသိကောင်းစရာ"    တို့ကိုလည်း‌ကောင်း  အသီးသီးရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြပါသည်။

        ထို့နောက် မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်ခိုင်မာလှိုင်က အသိပညာပေး ဟောပြောပေးခဲ့သည့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေမှ အသိပညာပေးလက်ကမ်း စာစောင်များကို  ဖြန့်ဝေပေးခဲ့​ပါသည်။

      အခမ်းအနားသို့ မုံရွာစီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှတာဝန်ရှိသူများ စုစုပေါင်း (၃၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)