အစေ့ထုတ်ပြောင်းသီးနှံအား ကန်ထရိုက်စနစ်ဖြင့် တောင်သူအကျိုးတူစိုက်ပျိုးမှု ကရင်ပြည်နယ်တွင် စတင်

Powered by Drupal

            ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိန်းမလှကျွန်းကျေးရွာရှိ ပြောင်းစိုက်တောင်သူများနှင့် ကရင်ပြည်နယ်၊ အခြေစိုက်အောင်ဆန်းငွေလာကုမ္ပဏီတို့သည် အစေ့ထုတ်ပြောင်းသီးနှံအား ကန်ထရိုက်စနစ်ဖြင့် တောင်သူအကျိုးတူ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစုမြေဩဇာ ပေးအပ်ပွဲ အခမ်းအနားကို အဆိုပါကျေးရွာတွင် ၈-၈-၂၀၂၂ ရက်နေ့ ၊နံနက် (၀၉:၃၀) နာရီ အချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

          အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ စိုက်ပျိုးရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်း နှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ ပြောင်းစိုက်တောင်သူ ၃၀ ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးသန်းဦးက အစေ့ထုတ်ပြောင်းတင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက်ဖြစ်ပေါ်မှု အလားအလာများ၊ ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့် တောင်သူအကျိုးတူ ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဘက် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့၍ စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းက ကရင်ပြည်နယ်အတွင်း ပြောင်း စိုက်ပျိုးမှု၊ စိုက်၊အောင်၊ထွက် အခြေအနေနှင့် စိုက်ပျိုးမှုဆိုင်ရာ နည်းစနစ်များကိုလည်းကောင်း ၊ အကျိုးတူ ဆောင်ရွက်သူ အောင်ဆန်းငွေလာ ကုမ္ပဏီမှ ဦးအောင်ဇော်ထက်က ကန်ထရိုက်လယ်ယာမြေ စနစ်ဖြင့် တောင်သူအကျိုးတူ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော တောင်သူများက သိလိုသည်များ ကိုမေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ   တောင်သူများသို့ အစေ့ထုတ်ပြောင်း မျိုးစေ့နှင့် သွင်းအားစု မြေဩဇာများကို ပေးအပ်ခဲ့ကြသည်။

           ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိန်းမလှကျွန်းရှိ အစေ့ထုတ်ပြောင်း စိုက်ဧက ၅၀၀ ခန့်ရှိတွင် ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီအတွက် တောင်သူ ၃၀  ဦးဖြင့် ကန်ထရိုက်လယ်ယာမြေစနစ် တောင်သူအကျိုးတူ ဆောင်ရွက်မည်ဖြစ်ပြီး ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့်အကျိုးတူ စိုက်ပျိုးခြင်း အားဖြင့် စိုက်ပျိုးတောင်သူများ အနေဖြင့် စိုက်ပျိုးမည့်သီးနှံကြိုတင်သတ်မှတ်နိုင်ခြင်း၊ သီးနှံအခြေခံဈေးနှုန်းကြိုတင်သတ်မှတ်နိုင်ခြင်း၊ ဈေးကွက်ခိုင်မာသေချာမှုရှိခြင်း၊ အရည်အသွေး ပြည့်မီသော မျိုးနှင့် သွင်းအားစုများကို ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကာ လုပ်ငန်းရှင်များဘက်မှလည်း အရည်အသွေးမြင့်မားသော ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း ရရှိနိုင်၍ ဈေးကွက်သို့ စဉ်ဆက်မပြတ်တင်ပို့နိုင်ပြီး ဈေးနှုန်း/ဈေးကွက်တည်ငြိမ်စေရေး  အလေးပေး ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)