မြေကြီးမှ ရွှေထွက် ဇွဲကပင်မြေက နေဗီယာမြက်

Powered by Drupal

          ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေး တောင်သူများ လူမှုစီးပွားရေးဖွံဖြိုးတိုးတက်စေရေး အထောက်အကူ ဖြစ်စေရန်အတွက်    “ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် တောင်သူတစ်ဦးစိုက်ပျိုးထားသော တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ခင်းသို့ ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၂၇ ရက်နေ့ တွင်စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်လေ့လာ ခဲ့ကြပါသည်။

         ပူနွေးစိုစွတ်ပြီး ရေရသည့် မည်သည့်နေရာတွင်မဆို ရာသီချိန်ခါမရွေး စိုက်ပျိုးနိုင်သည့် အတွက် စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးရုံသာမက မွေးမြူရေးလုပ်ငန်းရှင်များအတွက်ပါ တိရစ္ဆာန်အစားအစာ ရှားပါးမှု ဖြည့်ဆည်းပေးနိုင်မည့်  နေဗီယာမြက်၏ မူရင်းမိခင်နိုင်ငံသည်  ထိုင်းနိုင်ငံဖြစ်ပြီး ပါချောင့်ဝမ်တက္ကသိုလ်မှ စိုက်ပျိုးရေးပညာရှင်များက သုတေသနပြု လုပ်အောင်မြင်ခဲ့သော မြက်မျိုးဖြစ်ကာ  အာဖရိက ဌာနေ မြက်ဖြစ်ကြောင်းသိရသည်၊၊ မူရင်းအမည်ရင်းမှာ နေဗီယာပါချောင့်ဝမ်ပါ ဟုခေါ်ပြီး မြန်မာနိုင်ငံတွင် နေဗီယာမြက်လို့ အလွယ်ခေါ်ကြသည်။ အချို့ကထိုင်းမြက်၊ ဗီတာမင်မြက် ဟုလည်းခေါ်ကြသည်။ နေဗီယာမြက် ကို မိုးဦးရာသီနှင့်မိုးကုန်သည့်ရာသီပိုင်းလို အချိန်မျိုးတွင်စိုက်ပျိုး၍ အကောင်းဆုံး ဖြစ် သော်လည်း မြန်မာနိုင်ငံ၏ ရာသီဥတုသည်အပူပိုင်းမုတ်သုန် ဖြစ်ပြီး မိုးရေချိန်ရရှိသည့် ပမာဏမတူညီသောကြောင့်  နေရာဒေသအလိုက် စိုက်ပျိုးပုံစံနှင့်  စိုက်ပျိုးချိန် မတူနိုင် ကြောင်း နှင့် နေဗီယာမြက်စိုက်ပျိုးလိုသူများသည် မိမိတို့စိုက်ခင်းအတွက် ရေအလုံအလောက် ပေးနိုင်မည်ဆိုပါက ပူပြင်းသည့် နွေရာသီ၌ပင် . စိုက်ပျိုးဖြစ်ထွန်းနိုင် ကြောင်း သိရသည်။      

        နေဗီယာမြက် စိုက်ပျိုးသူ တောင်သူဦးနေတိုးက “ကျွန်တော်အနေနဲ့ကတော့ နေဗီယာ မြက်ကိုဝါသနာအရ စိုက်ပျိုးရင်းက အခုဆိုစီပွားဖြစ်ပါစိုက်ပျိုးနေပါပြီ။  ကျွန်တော် နေဗီယာ မြက် ပထမစိုက်ခင်းမှာတော့ ၃ဧက စိုက်ပျိုးပြီး အပင်အရေအတွက်နေနဲ့ကတော့ ၁၅၀၀၀ စိုက်ပျိုးခဲ့ပါတယ်။ စရိတ်အနေနဲ့ နေဗီယာမြက် ၁၅၀၀၀ ပင်အတွက် တစ်ပင်ကို ၅၀  ကျပ်နဲ့ဝယ်စိုက်တာပါ။ မြေပြင်ထွန်ယက်စရိတ် နဲ့ မြေဩဇာအတွက်ကုန်ကျစရန်က ၁ သိန်း ၅ သောင်းခန့် ကုန်ကျခဲ့ပါတယ်။ နေဗီယာမြက် အပင် ၁၅၀၀၀ အတွက်ကုန်ကျစရိတ်စုစုပေါင်း ၉ သိန်းခန့် ကုန်ကျခဲ့ပါတယ်၊၊ အခုဆိုရင်စိုက်ပျိုးတာ ၃ နှစ်ထဲဝင်လာပြီး အကျိုးအမြတ်အနေနဲ့ သိန်းတစ်ရာ နီးပါး ရရှိနေပါပြီ” ဟု ၎င်းက နေဗီယာမြက်စိုက်ပျိုးရာမှ ရရှိလာသော အကျိုးအမြတ်များအား အားတက်သရော ရှင်းပြသည်။

        တောင်သူများ ၊ စိုက်ပျိုးမွေးမြူရေး လုပ်သူများအနေနဲ့ မိုးမကျမီနှင့်မိုးနှောင်းပိုင်းများ တွင် “နေဗီယာ"မြက်ကို စိတ်ဝင်တစား စိုက်ပျိုးကြမည်ဆိုလျှင် မိမိစိုက်ပျိုးသည့်ဒေသရဲ့ မိုးရေချိန်မှာ အဓိကဖြစ်ပြီး၊ မိမိစိုက်တဲ့မြေကရေမမြုပ်တဲ့ ကုန်းမြေ၊ ယာမြေ၊ တာရိုး၊ ကန်ဘောင်၊ တောင်မြေ၊ မြစ်ချောင်းဘေး ကုန်းမြင့်တွေ. ဖြစ်နေမယ်ဆိုရင်ဖြင့် မိုးတွင်းမိုးများချိန်လည်း စိုက်ပျိုးနိုင်မှာဖြစ်ပြီး နေဗီယာမြက်စိုက်ပျိုးခြင်းအားဖြင့် မိမိတို့မွေးမြူထားသော တိရစ္ဆာန်များ အတွက် မွေးမြူရေးအစာ မပူပင်ရသည့်အပြင် အခြားမွေးမြူရေးလုပ်ငန်းများသို့လည်း  နေဗီယာမြက်ကို တိရစ္ဆာန် အစား အစာ အဖြစ်ရောင်းချနိုင်သည့်အပြင် နေဗီယာမြက် စိုက်ပျိုးလိုသူများ ကိုလည်း မျိုးပင်အနေဖြင့် ရောင်းချနိုင်ကြောင်း ၎င်းက ဆက်လက် ရှင်းပြခဲ့သည်။နေဗီယာမြက်သည် ရေကြိုက်သော အပင်ဖြစ်သောကြောင့်  အပူချိန်မြင့်မားသော  မတ်လပိုင်း မှ မေလလယ်ထိတွင်. စိုက်ပျိုးခင်းကို ရေပေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မည်ဖြစ်သော်လည်း ကရင်ပြည်နယ်သည် မိုးအသင့်အတင့်ကောင်းသောဒေသ ဖြစ်သော ကြောင့်  နေဗီယာမြက် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်း နိုင်ကြောင်းသိရသည်။

       နေဗီယာမြက် စိုက်ပျိုးရာတွင် မျိုးအဆင့်သင့်ဖြစ်၍ မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားပြီးသော်လည်း စိုက်ပျိုးပြီးချိန်တွင်  စိုက်ခင်းတစ်ခင်းလုံးသို့ ရေပြည့်ဝစွာ မပေးဝေနိုင်ပါက မစိုက်သေးပဲ မြက်မျိုးပင်အဆစ်ပိုင်းများကို တန်းစီ၍အရိပ်မှာ ထောင်ထားကာ အပေါ်က ကောက်ရိုးမြက်ခြောက်ခပ်ပါးပါး ဖုံးပြီး ရေလောင်းထားပေးလျှင်  ၁၀ရက်ခန့်ထိ အထားခံနိုင်ပြီး အတက်နှင့်အမြစ်များထွက်လာမည်ဖြစ်သည်၊၊ နေဗီယာမြက်သည် ၁ ဧကလျှင် အပင်ရေ ၅၀၀၀ ခန့် စိုက်ပျိုးနိုင်ပြီး နေဗီယာမြက် စတင် စိုက်ပျိုးမည်ဆိုပါက   မိမိတို့စိုက်ပျိုးမည့် စိုက်ခင်အားမြေနေရာ မြေအရင်ပြုပြင်ရမည်ဖြစ်သည်။ နေဗီယာမြက်သည် ရေကြိုက်သော အပင်ဖြစ်သည့်အပြင် ထယ်ရေးညက်သော မြေတွင်လည်းအထူး ဖြစ်ထွန်း သောကြောင့် ထယ်ရေးကို ၃ စပ်မှ ၄စပ်ထိ မောင်းပေးရန်လိုအပ်သည်။ ထို့နောက် စိုက်ပျိုးရန် မြောင်းဘောင်ဖော်ပြီး  မြေနေရာအလိုက် ၃ ပေပတ်လည် (သို့) မိမိစိတ်သဘောအတိုင်း ဆောင်ရွက်နိုင်သည်။ နေဗီယာမြက်သည် အပင်ပွားသန်သောကြောင့် ပုံမှန်အားဖြင့် အပင်ကြားကို အဆင့်သင့်ရုံ ၁ ပေ ၂ ပေခြား၍ ကုန်ကျစရိတ်မျိုးဖိုး တတ်နိုင်မှုအပေါ်မူတည်၍ သင့်သလိုစိုက်ပျိုးကြပြီး တန်ကြားကိုမူ လူဝင်နိုင်ထွက်နိုင်ရုံ ၂ ပေမှ ၃ ပေထိ ခြားတတ်ကြောင်း သိရသည်။  စိုက်ပျိုးရာတွင် အပင်အရင်းအဖျားမမှားရန်  ဂရုစိုက်ဖို့လိုအပ်ပြီး စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များနှင့် မမှားစေရန်အတွက် အပင်ကို လက်တစ်ဆစ်ခန့်ဖော်ထားရမည်။ ဤသို့မှသာ စိုက်ခင်းအတွင်း ပေါင်းမြက်များရှင်းလင်ရာတွင် အလွယ်တကူသိရှိနိုင် လိမ့်မည်ဖြစ်သည်။

          နေဗီယာမြက် စတင်စိုက်ပျိုးရာတွင်  'အပင်ထွက်စမှာ အနီရောင်ဖြစ်ပြီး အပင်ကြီး လာသည်နှင့်အမျှ တဖြည်းဖြည်းစိမ်းလာမည်။ အပင်ကြီးလာသည်နှင့် အရွက်များ ဖားလာကာ အုပ်ဆိုင်းလာမည် ဖြစ်သည်။ နေဗီယာမြက်ကို နွေရာသီနှင့်မိုးနှောင်းရာသီ တွင် စိုက်ပျိုးမည် ဆိုပါက အပူချိန်ပြင်းသည့်အချိန်ဖြစ်သည့်အတွက် စိုက်ပြီးသည်နှင့် တစ်ခါတည်း ရေပေးရန်လိုအပ်ပြီး အပင်အမြင့် ၁ပေခန့်ရောက်ပြီးလျှင်  တန်းကြားကိုပေါင်(ဘောင်)လုံး၍ မြေကိုအပင်ရင်းထိ ဆွဲတင်ကာ အပင်အောက်ခြေ မြေဖို့ပေးရမည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့်  နေဗီယာမြက် နှင့် အတူပေါက်ရောက်နေသော ပေါင်းမြက်များကို ရှင်းလင်းပြီးဖြစ်သည့်အပြင် အဆိုပါ ပေါင်းမြက်များကို သဘာဝမြေဩဇာအဖြစ် ပြန်သုံးနိုင်မည်ဖြစ်သည်။  စိုက်ပြီး ၁ ပတ်အကြာတွင် အပင်အသစ်သားတက်များ ထွက်လာပါက  ကျွဲချေး/နွားချေးသဘာဝမြေဩဇာများကို တန်းကြား မြောင်းထဲထည့်ကျွေးပါကအလေအလွင့် နည်းပါးပါပြီး မြက်ခင်းကိုရေပေးမည်ဆိုလျှင် ဘောင်တင်ထားသည့် တန်းကြားမြောင်းကို ရေမောင်းသွင်းပေးလိုက်ရုံဖြင့် ရေလေလွင့်မှုမရှိပဲ  ကုန်ကျမှုစရိတ် သက်သာစေမည် ဖြစ်ပါ သည်။ စိုက်ခင်းစိုက်ပျိုးပြီးခါစတွင်  ကြက်၊ ဆိတ်၊ ဘဲ၊ သိုး၊ ကျွဲ၊ နွား စသည့် အကောင် များမဝင်စေရန်မူသတိပြုရမည်ဖြစ်သည်။

         မြန်မာနိုင်ငံရှိ တိရိစ္ဆာန်မွေးမြူသူများရဲ့အဓိကပြသနာမှာ အစာရှားပါးခြင်းနှင့် တိရစ္ဆာန် အစားအစာ ဈေးနှုန်း ကြီးမြင့်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြောင်းရိုး၊ ထန်းသီး၊ ပဲမှော်၊ မြက်ခြောက်၊ ကောက်ရိုးခြောက်၊ ကြက်သွန်မြိတ်ခြောက် စသောအဆင်ပြေရာအစားများကို နွေရာသီအတွက် ကြိုတင်စုဆောင်းသိမ်း ဆည်းထားကြရသည်။  တိရစ္ဆာန်အစားအစာ ရှားပါးခြင်းနှင့် ဈေးနှုန်း ကြီးမြင့်ခြင်း အခက်အခဲ ကိုမကျော်ဖြတ်နိုင်ကြသောကြောင့် မိမိတို့မွေးမြူထားသည့်  ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ဆိတ်များရောင်းချနေရသည့် တောင်သူဦးရေ သည်လည်း နှစ်စဉ်တိုးလာမြဲဖြစ်သည်။ ယင်းကဲ့သို့ ကြုံတွေ့ရသည့် အခက်အခဲများကို တောင်သူဦးကြီးညီအကိုမောင်နှမများအနေနဲ့ နေဗီယာမြက်ကို မြက်ချဉ်ဖက်ပြုလုပ်သိမ်း ဆည်း၍ မိမိမွေးမြူထားသော တိရစ္ဆာန်များကို ကျွေးမွေးခြင်း (သို့မဟုတ်) မြက်ချဉ်ဖတ် ရောင်းချခြင်းဖြင့်  အခက်အခဲများစွာကို ကျော်လွာနိုင်မည်ဖြစ်သည်။ လွယ်ကူလှသည့် နေဗီယာမြက် မြက်ချဉ်ဖက်လုပ်နည်းမှာ မြက်ကိုစဉ်းပြီး လေလုံသောပလပ်စတစ်အိပ်အကြီး (သို့) အဖုံးပါသောပလပ်စတစ်ပုံးထဲတွင် နေဗီယာမြက်ကို ဖိသိပ်ထည့်ပါ။ လေမကျန်ပါစေနှင့်။  ပလပ်စတစ်အိတ် အသုံးပြု၍ မြက်ချဉ်ဖတ် ပြုလုပ်သူများအနေဖြင့်  အိတ်မပေါက်အောင် သတိထားပါ။ ထို့နောက် အရိပ်ရသည့်နေရာတွင် မြေမြှပ် သိမ်းဆည်းရပါမည်၊၊

         မြေမြှပ်ခြင်းသည် မြက်ချဉ်ဖက်အိပ်များကို အပူသက်သာနိုင်စေသလို ထိခိုက်ပျက်စီးမှု ကလည်း ကာကွယ်ပြီးသာဖြစ်သွားမည်ဖြစ်သည်။ ထို့နောက်၂၁ရက်ကြာပါက  မူလမြက်၏ အရည်အသွေးမပျက်သည့် ချဉ်ဖက်မြက်ကိုရရှိမည်ဖြစ်သည်။  ၎င်းမြက်ချဉ်ဖက်သည် ၆လအထိ အထား ခံနိုင်သောကြောင့် နှစ်တစ်နှစ်၏ အချိန်ကာလတဝက် အစားအစာရှားပါမှု ပြသနာကိုကောင်းစွာဖြေရှင်းနိုင်မည်ဖြစ်သည်။ သဘာဝပေါက်ရောက်သော ဒေသမြက်များသည် အသားဓာတ်ပါဝင်မှုအမြင့်ဆုံး ၅ရာခိုင်နှုန်းသာပါဝင်သော်လည်း  နေဗီယာမြက်သည် ၂၀ ရာခိုင်နှုန်းထိ အသားဓာတ်ပါဝင်မှုများသောကြောင့် မိမိတို့မွေးထားသည့် တိရိစ္ဆာန်အကြီး မြန်ကာ အသားတိုး၍ဈေးကွက်၌ မျက်နှာပန်းလှပါသည်။ နေဗီယာမြက်သည် အထွက်နှုန်း ကောင်းပြီး  အကြမ်းခံနိုင်မှုကြောင့် တစ်နှစ်လျှင် တစ်ဧကတန်ချိန် ၁၅၀ ကနေ ၂၀၀ ကျော်ထိထွက်နိုင်သောကြောင့် အစားလိုအပ်ချက်ကိုအချိန်မီဖြည့်နိုင်ပါသည်။ ထို့အပြင် နေဗီယာမြက်သည် အသားဓာတ် ပါဝင်မှုမြင့်မားပြီး နူးညံ့သောကြောင့်  ကျွဲ၊ နွား၊ ဆိတ်၊ ဘဲ၊ ဝက်၊ ကြက်၊ ငါး စသည့်တိရစ္ဆာန်များကိုပါ ကျွေးလို့ရပါသည်။ ကျွဲနွားတိုကို နေဗီယာ မြက်ချည်းကျွေးနိုင်သော်လည်း  အခြားတိရိစ္ဆန်များကိုမူ မူလအစားနှင့် အချိုးကျရောစပ်၍ ဖြည့်စွက်စာအဖြစ် ကျွေးနိုင်ကြောင်းသိရသည်။ “မွေးမြူးရေးသမားအများစုဟာ.. ကုန်ကျစရိတ် သက်သာရာကိုသာဦးစားပေးနေကြတုန်းဗျ။ တဖက်ကပြန်ကြည့်မည်ဆိုရင်လျှင် မိမိခြံရဲ့ ကုန်ကျစရိတ် သက်သာမှ အမြတ်ကျန်မှာပါ။ ဒါကတော့ မွေးမြူးရေးသမားတိုင်းပါပဲ။ ဒီအတွက်စိုက်ပျိုးမွေးမြူရေးသမားတွေ အနေနဲ့ တွက်ခြေကိုက်ဖို့အတွက် နည်းလမ်းရှာပြီး လုပ်ရမယ်ဗျ။  မြန်မာနိုင်ငံမွေးမြူးရေးသမားတွေက မိရိုးဖလားအဆင့်ကနေမတက်သေးဘူးဗျ၊၊ ဒါကြောင့် ကျေးလက်နေ တောင်သူတွေ ဖွံ့ဖြိုးတိုးတက် စေဖို့အတွက် ကျွန်တော့အနေနဲ့ ဦးဆောင်ပြီး စံပြစိုက်ပျိုးမွေးမြူရေးတွေ လုပ်နေတာ” ဟု စိုက်ပျိုး မွေးမြူရေး လုပ်ငန်းရှင် ဦးနေတိုးက ပြောသည်။

       နိဂုံးချုပ်အားဖြင့်အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံသည် လူဦးရေးသန်းပေါင်း ၁၀၀၀ကျော်ရှိပြီး  မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တည်ရှိ၍ အဆိုပါနိုင်ငံများ၏ တိုပွားလာသောဲ့ လူဦးရေကြောင့် စားနပ်ရိက္ခာအတွက် အသားငါးလိုအပ်ချက် နေ့စဉ် မြင့်တက်နေပြီး မြန်မာနိုင်ငံ၏  ဒေသအတွင်းကျွဲနွားတင်ပို့ရောင်းချမှုမှာ စာရင်းဇယားများအရ နှစ်စဉ် တိုးမြင့်လျှက်ရှိသော်လည်း မွေးမြူရေမှာ များစွာတိုးတက်မှု မရှိသောကြောင့် ရေရှည်တွင် တိရစ္ဆာန်ကောင်ရေ နည်းပါးလာမည် ဖြစ်ပါသည်။

        သို့ဖြစ်ပါ၍ ပြည်တွင်းကုန်သွယ်မှု ဖွံဖြိုးစေရေး၊ နိုင်ငံခြားငွေတိုးတက်ရှာဖွေနိုင်ရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း ဖြစ်ပေါ်၍ တောင်သူများဝင်ငွေတိုးစေရေးအတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် စိုက်ပျိုးထားရှိသည့်တွက်ခြေကိုက် ဖြစ်ထွန်း အောင်မြင်လျက်ရှိသည့်  နေဗီယာမြက်သည် စိုက်ပျိုးမွေးမြူရေးသမားများကို အကျိုးပြုသည့် မြေကြီးကရွှေထွက် ဇွဲကပင်မြေကနေဗီယာမြက်ဟု တင်စား၍ စိုက်ပျိုး မွေးမြူရေး တောင်သူများအကျိုးငှာ ‌လေ့လာ၍ ရေးသားလိုက်ရပါသည်။

DOCA(ကရင်)