မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံး၊ DICA အစည်းအဝေးခန်းမတွင် စားသုံးသူကော်မတီ(၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၅) ကို (၂၄.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံး၊ DICA အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ အနေဖြင့် စားသုံးသူပြည်သူများက စားသုံးသူအခွင့်အရေး(၈)ချက်ပါ မူလရပိုင်ခွင့်များ အပြည့်အဝ ရရှိနိုင်ရေးအတွက် စားသုံးသူအသိပညာပေးခြင်းလုပ်ငန်းများနှင့် စားသုံးသူနစ်နာမှုများရှိပါက တိုင်ကြားတတ်စေရန်၊ တိုင်ကြားလာသည့်အခါ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး(ကိုယ်စား) ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦးက ယခင်အစည်းအဝေးအမှတ် (၂/၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်၊ ဇွန်လနှင့် ဇူလိုင်လများ၏ စားသုံးသူ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်း ဒေသကြီး၊ စားသုံးသူရေးရာကော်မတီသို့တင်ပြသည့် အမှာစာများအား ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်း က ဖတ်ကြားပြီး ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးမှုများအပေါ် လိုအပ်သည်များအား ကော်မတီ ဥက္ကဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)