မှားယွင်းဖော်ပြခဲ့ခြင်းအတွက် Google LLC ကုမ္ပဏီ ဒေါ်လာ သန်း ၆၀ ဒဏ်ရိုက်ခံရ

Powered by Drupal

         ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလအတွင်း၌ android ဖုန်း အသုံးပြုသူများ၏ တည်နေရာဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက်နှင့် ပတ်သက်ပြီး အချက်အလက်သိမ်းဆည်းခြင်း၊ အသုံးပြုခြင်းများနှင့်စပ်လျဉ်း၍ မှားယွင်းဖော်ပြခဲ့သောကြောင့် သြစတေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကော်မရှင်(ACCC)က တရားစွဲဆိုခဲ့ပြီး သြစတေးလျဖက်ဒရယ် တရားရုံးက Google LCC ကို ဒေါ်လာ သန်း ၆၀ ဒဏ်ကြေးပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ACCC ၏ Website တွင် (၁၂-၈-၂၀၂၂) ရက်နေ့ကဖော်ပြထားသည်။
           Google LCC နှင့် Google Austalia Pty Ltd တို့သည် Android user အချို့၏ "Location History" ဆက်တင်သည် Google ၏အချက်အလက်စုဆောင်းခြင်း၊ သိမ်းဆည်းခြင်းနှင့် တည်နေရာ နှင့်ပတ်သက်၍ အချက်အလက်အတည်ပြုနိုင်သည့် တစ်ခုတည်းသော Google Account ဆက်တင် ဖြစ်ကြောင်း မှားယွင်းဖော်ပြခြင်းသည် သြစတေးလျ စားသုံးသူဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ယခင်ကတည်းကတွေ့ရှိခဲ့သည်ဟု တရားရုံးကဆိုပါသည်။ အခြား Google account များ၏ ဆက်တင်များတွင် "Web & App Activity" ဆက်တင်ကို ဖွင့်ထားပါက အချက်အလက် စုဆောင်းခြင်း၊ သိမ်းဆည်းခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တည်နေရာသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး Defaultအခြေအနေ၌ အဆိုပါ ဆက်တင်ကို ဖွင့်ထားကြောင်းသိရသည်။ "တရားရုံးကချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်ဟာ အချက်အလက် စုဆောင်းခြင်း၊ အသုံးပြုခြင်းတို့နဲ့ ပတ်သက်ပြီး  စားသုံးသူတွေကို မလှည့်စားရဘူးဆိုတာကို ဒီဂျစ်တယ်ပလက်ဖောင်းပိုင်ရှင်တွေ၊ အသေးစားနဲ့ အကြီးစားစီးပွားရေးလုပ်ငန်းရှင်တွေကို ပြင်းပြင်းထန်ထန်အသိပေးလိုက်တာဖြစ်တယ်" လို့ ACCC ဥက္ကဌ Ms Gina Cass-Gottliebကဆိုပါသည်။
         Google သည် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး "Web & App Activity" ဆက်တင်မှတဆင့် တည်နေရာဆိုင်ရာအချက်အလက်များကို စုဆောင်းနိုင်ပြီး အဆိုပါအချက်အလက်များကို အသုံးပြု၍ ​စားသုံးသူများအား ကြော်ငြာများပြသနိုင်ပါသည်။ စားသုံးသူများက "LocationHistory" ဆက်တင်ကို ပိတ်ထားသော်လည်း ထိုသို့ဆောင်ရွက်နိုင်ကြောင်း သိရသည်။
        "တည်နေရာဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက်တွေဟာ တချို့စားသုံးသူတွေအတွက် ထိရှလွယ်ပြီး  အရေးကြီးပါတယ်။ Google ကသာ ဒီမှားယွင်းတဲ့ဖော်ပြချက်မျိုးမလုပ်ခဲ့ဘူးဆိုရင် စားသုံးသူတွေအနေနဲ့ သူတို့ရဲ့တည်နေရာ အချက်အလက်တွေကို စုဆောင်းမှု၊ သိမ်းဆည်းမှု၊ အသုံးပြုမှုတို့နဲ့ ပတ်သက်ပြီး အခြားရွေးချယ်နိုင်စရာတွေရှိမှာဖြစ်တယ်" လို့ Ms Cass-Gottlieb ကဆိုပါသည်။
         ၎င်းတို့ရရှိထားတဲ့အချက်အလက်များအရ သြစတေးလျနိုင်ငံမှအသုံးပြုသူများ၏ Google Account ပေါင်း ၁.၃ သန်းခန့်သည် စားသုံးသူဥပဒေကိုချိုးဖောက်ခြင်းခံထားရသည်ကို တရားရုံးမှတွေ့ရှိရကြောင်း  ACCC က ခန့်မှန်းထားပါသည်။ Google အနေဖြင့် ပြန်လည်ပြင်ဆင်ခြင်းများကို ၂၀-၁၂-၂၀၁၈ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် အဆိုပါမှားယွင်းဖော်ပြချက်ကို မြင်တွေ့ ရတော့မည်မဟုတ်ကြောင်း သိရသည်။

       "ကုမ္ပဏီတွေအနေနဲ့ သူတို့စုဆောင်းတဲ့အချက်အလက်အမျိုးအစား၊ ဒီအချက်အလက်တွေကို အသုံးပြုခြင်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့အချက်အလက်တွေကို ဘယ်သူတွေနဲ့မျှဝေသုံးစွဲမယ်ဆိုတာကို သူတို့ရဲ့ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်နိုင်စေဖို့ လိုတယ်"လို့MsCass-Gottliebကဆိုပါသည်။
        Google LLC ကို ဒေါ်လာသန်း ၆၀ ဒဏ်ဆောင်ရန် တရားရုံးမှချမှတ်ခြင်းသည် သင့်လျော်ကြောင်း၊ တရားရုံးမှဖော်ထုတ်ရရှိသည့် မှားယွင်းဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ Google  Australlia Pty Ltd တွင် တာဝန်မရှိကြောင်း၊ အဆိုပါသြစတေးလျကုမ္ပဏီအား သီးခြားအပြစ်ဒဏ်ချမှတ်ရန်မလိုအပ်ကြောင်း ACCC နှင့် Google တို့က တရားရုံးတွင် ပူးတွဲအဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

       Goggle LLC သည် Alphabet၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၊ကယ်လ်ဖိုးနီးယား၊ Mountain View တွင်တည်ရှိပါသည်။ Google Australlia Pty သည် Google LLC ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်ပြီး Pixel ဖုန်းဖြန့်ချိခြင်းအပါအဝင် သြစတေးလျနိုင်ငံတွင် Google LLC ၏ စီးပွားကဏ္ဍ တချို့ကိုဆောင်ရွက်လျက်ရှိသည်။ ACCC အနေဖြင့် ၂၀၁၉ ခုနှစ်အောက်တိုဘာလကတည်းကပင် အဆိုပါကုမ္ပဏီနှစ်ခုကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် အဆိုပါကုမ္ပဏီများက သြစတေးလျ စားသုံးသူဥပဒေအားချိုးဖောက်​ခဲ့​ခြင်းဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)