လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ယှဉ်ပြိုင်မှုနှင့် စားသုံးသူ ရေးရာ အခြေအနေများကို သြစတေးလျ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကော်မရှင် (ACCC) စုံစမ်းဖော်ထုတ်မည်

Powered by Drupal

     သြစတေးလျရှိ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဝန်ဆောင်မှုများ၏ယှဉ်ပြိုင်မှု အခြေအနေကို ACCC မှ ငါးနှစ်ကြာဆောင်ရွက်မည့် Digital Platforms Inquiry အစီအစဉ်၏ ဆဋ္ဌမမြောက် ကြားဖြတ်အစီရင်ခံစာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။ ACCC အနေဖြင့် လူမှုကွန်ယက်စာမျက်နှာများတွင် ပုံမှန်ကြော်ငြာခြင်း၊ အခပေး ကြော်ငြာခြင်း၊ ဆိုရှယ်မီဒီယာတွင် ကျော်ကြားမှုရှိသူများကို အခပေး၍စားသုံးသူများကို ချိတ်ဆက် ကြော်ငြာစေခြင်းကဲ့သို့သော စီးပွားရေးလုပ်ငန်းရှင်များက ဆောင်ရွက်လေ့ရှိသည့် အလေ့အထများနှင့် ပတ်သက်၍ စားသုံးသူများအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို  ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

       ဈေးကွက်ယှဉ်ပြိုင်မှု ဆိုင်ရာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာစီစစ်မှုများဆောင်ရွက်ခဲ့ပြီး ACCC ၏ 2019 Digital Platforms Inquiry တွင် ဖြန့်ဝေခဲ့သည့် ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုကဏ္ဍတွင် နောက်ဆုံးတွေ့ရှိချက်များကို အဆိုပါဆဋ္ဌမမြောက်ကြားဖြတ် အစီရင်ခံစာတွင် ဖော်ထုတ်တင်ပြမည် ဖြစ်ကြောင်းသိရသည်။ ၁၆-၈-၂၀၂၂ နေ့တွင် ထုတ်ပြန်ထားသည့် Issues Paper အပေါ် စီးပွားရေး လုပ်ငန်းများ၊ စားသုံးသူများနှင့် အခြားသက်ဆိုင်သူများအနေဖြင့် ၎င်းတို့၏ယူဆချက်များ၊ အကြံပြု ချက်များ ဆောင်ရွက်နိုင်ကြစေရေး ACCC က တိုက်တွန်း ထားကြောင်း သိရသည်။

      စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေကောင်းမွန်သော ဝန်ဆောင်မှု များရရှိနိုင်ရေး သုံးစွဲရသောကုန်ကျစရိတ်များ၊ ဒီဂျစ်တယ်ပလက်ဖောင်းအသစ်များ ဖော်ဆောင်နိုင်ရေး အခက်အခဲများပါဝင်သည့် လူမှုကွန်ယက်စာမျက်နှာများတွင် ယှဉ်ပြိုင်မှုဆိုင်ရာ အခက်အခဲပြဿနာ များကို ACCC က လေ့လာဆန်းစစ်ခဲ့ပါသည်။ ACCC သည် လိမ်လည်လှည့်ဖြားမှုများ၏ အကျိုးသက် ရောက်မှုများ နှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများမှ ဆောင်ရွက်တတ်ကြသည့် ထင်ယောင်ထင်မှားဖြစ်စေသော သို့မဟုတ် လှည့်ဖြားထားသော ဖော်ပြချက်များနှင့် ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများကို သုံးစွဲသူများ၏ အတွေ့အကြုံများကိုလည်း ထည့်သွင်းစဉ်းစားမည် ဖြစ်ကြောင်း သိရသည်။

   "သူတို့ရဲ့ဖောက်သည်ရရှိမှု နယ်ပယ်တွေကို ချဲ့ထွင်ဖို့၊ စားသုံးသူတွေနဲ့ထိတွေ့ဆက်ဆံဖို့နဲ့ စားသုံးသူတစ်ဦးချင်းစီကို ချိတ်ဆက်ဆက်သွယ်ပြီး အရေးကြီးတဲ့သတင်းအချက်အလက်တွေကို ဖလှယ်ဖို့ စီးပွားရေးလုပ်ငန်းတော်တော်များများအတွက် ဆိုရှယ်မီဒီယာဟာ မရှိမဖြစ်လိုအပ်လာ ခဲ့ပါတယ်၊ Facebook ၊ Instagram ၊ Twitter ၊ TikTok နဲ့ Snapchat တို့အပါအဝင် လူမှုကွန်ယက် စာမျက်နှာများရဲ့ ဝန်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေဆီက ကြားချင်ပါတယ်၊ ခေတ်ရေစီးကြောင်းအရ သုံးစွဲသူတွေရဲ့ နှစ်သက်သဘောကျမှု အခြေအနေတွေ၊ အချိန်ပေးပြီး သုံးစွဲတဲ့အ‌ခြေအနေတွေ၊ လူမှုကွန်ယက်စာမျက်နှာတွေကို ဘယ်လို ရွေးချယ်သုံးစွဲသင့်တယ် ဆိုတာတွေကို သုံးသပ်နိုင်ဖို့ မျှော်လင့်တယ်  " လို့ ACCC ဥက္ကဋ္ဌ Gina Cass-Gottlieb က ပြောကြားခဲ့သည်။ .

    အဆိုပါ Digital Platforms Inquiry တွင် Facebook (ယခု Meta) သည် သြစတြေးလျ နိုင်ငံရှိ ဆိုရှယ်မီဒီယာဝန်ဆောင်မှုများပေးဆောင်ရာတွင် ကြီးမားသောစျေးကွက် လွှမ်းမိုးမှုရှိကြောင်း ACCC မှ ကောက်ချက်ချခဲ့သည်။ ယခုအစီရင်ခံစာတွင် ACCC မှ ဆောင်ရွက်ခဲ့သော ယခင် အစီရင်ခံစာအပေါ် အချက်အလက်အသစ်များ မွမ်းမံပြင်ဆင်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ မျက်မှောက်ကာလအထိ ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကို ထည့်သွင်းဖော်ပြမည်ဖြစ်ကြောင်း သိရသည်။

    ဩစတြေးလျနိုင်ငံမှာ လူမှုကွန်ယက်စာနှာဝန်ဆောင်မှုများ ဝင်ရောက်ဆောင်ရွက်ဖို့နဲ့ တိုးချဲ့ ဆောင်ရွက်ဖို့ ဘာတွေအတားအဆီးဖြစ်နေလဲဆိုတာကို တုံ့ပြန်ချက်တွေရရှိဖို့ ACCC က မျှော်လင့် လျက်ရှိကြောင်း၊ ဥပမာအားဖြင့် TikTok ကဲ့သို့သော ဝင်ရောက်သူအသစ်များသည် သြစတြေးလျရှိ ဆိုရှယ်မီဒီယာဝန်ဆောင်မှုများအတွက် ပြိုင်ဆိုင်မှုအခင်းအကျင်းကို အပြောင်းအလဲများ ဆောင်ရွက် လျက်ရှိကြောင်း Ms Cass-Gottlieb က ပြောကြားခဲ့သည်။

     လူမှုကွန်ယက်စာမျက်နှာ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ လိမ်လည်လှည့်ဖြားမှုများ သို့မဟုတ် မဟုတ်မမှန်ဖော်ပြမှုများနှင့်ပတ်သက်၍ သုံးစွဲသူများ၏အမြင်များကို ACCC က ဖော်ထုတ် လျက်ရှိပါသည်။ ဩစတေးလျနိုင်ငံသားများအနေဖြင့်  လူမှုကွန်ယက်စာမျက်နှာများတွင် ဝန်ဆောင် မှုဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ လိမ်လည်မှုများကြောင့် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၁၄၄ သန်းကျော် ဆုံးရှုံးခဲ့ပြီး အဆိုပါပမာဏသည် မှတ်တမ်းများအရ ၂၀၂၀ ခုနှစ် ပမာဏထက် နှစ်ဆနီးပါး နှင့် ၂၀၁၇ ခုနှစ်ထက်လေးဆခန့် ဖြစ်ကြောင်း ACCC ကဆိုပါသည်။

   လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ကြော်ငြာခြင်းအတွက် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအပေါ် အကျိုးသက်ရောက်မှုများအား လိမ်လည်ဖော်ပြခြင်းများတွေ့ရှိရပါက ACCC သို့အကြောင်းကြရန်နှင့် digitalmonitoring@accc.gov.au သို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ကြောင်း ACCC Website သတင်းများအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)