စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၂၄)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းအား စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၃)ဦးတို့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် အ.ထ.က(၁)ကျောင်းမုန့်ဈေးတန်းတွင် ဈေးဆိုင်တစ်ဆိုင်သာ ရောင်းချလျက် ရှိပြီးကိတ်မုန့်၊ပေါင်မုန့်၊ဖျော်ရည်ဗူး၊ လေဖောင်းမုန့်စသည့် အသင့်စားမုန့်များသာရောင်းချလျက်ရှိကြောင်း၊ နေ့စဉ်ပြုလုပ်ရောင်းချရသည့် မြန်မာမုန့်များရောင်းချခြင်းမရှိကြောင်း၊ အသင့်စားမုန့်များ၌ အခြားသော မုန့်များတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသော်လည်း ထိုင်းနိုင်ငံထုတ် Fruit Candyတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရောင်းချသည့်ဈေးသည်များ အသိပညာဗဟုသုတရရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော မုန့်များကိုသာရောင်းချရန်၊ သက်တန်းလွန်သည့်မုန့်များရောင်းချခြင်းမပြုရန်၊ သန့်ရှင်းလတ်ဆတ်သည့် မုန့်များကိုသာရောင်းချရန်နှင့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)