တောင်ငူမြို့အတွင်း အခြေခံလူတန်းစားများအား သက်သာသောနှုန်းထားဖြင့် ဆန်နှင့် စားသုံးဆီများရောင်းချ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့အတွင်း ရပ်ကွက်များသို့ ဆန်နှင့်စားသုံးဆီများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချမှုကို ကြီးကြပ်ဆောင်ရွက်ပေးပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးသည် တောင်ငူမြို့ရှိ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၂၁)ရပ်ကွက်၌ ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ် နှုန်း၊ လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်းဖြင့် လူဦးရေ ၄၆၀ ဦးအား ဆန်အိတ် ၄၀ အိတ်ရောင်းချပေးနိုင် ခဲ့ပါသည်။

        ထို့အတူ Diamond Dragon Co.,Ltd ၏ စားသုံးဆီကိုယ်စားလှယ် အောင် စားသုံးဆီပွဲရုံနှင့်ပူးပေါင်း၍ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက လူတစ်ဦးလျှင် ဆီ ၁ ပိဿာနှုန်း၊ ဆီ ၁ ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် အမှတ်(၂၁)ရပ်ကွက်၊ ဇေယျာခင်ဦး၌ စားသုံးဆီ ၄၄၀ ပိဿာကိုလည်းကောင်း၊ အမှတ် (၁၈) ရပ်ကွက်၊ ကျောက်တိုင်လမ်း၌ စားသုံးဆီ ၂၂၀ ပိဿာကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်များနှင့်ပူးပေါင်း၍ ဆန်နှင့် စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ဆက်လက်ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)