ပြည်မြို့ပေါ်ရှိ  အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးသည် ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၅.၈.၂၀၂၂) ရက်၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်မြို့ပေါ်ရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း (လက်လီ/လက်ကား) ရောင်းချ သည့် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် ပြည်ခရိုင်ဦးစီးမှူးမှ မိမိတို့စားသုံးသူ ရေးရာဦးစီးဌာနသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး ၂၀၁၉ ခုနှစ်တွင် စားသုံးသူကာကွယ်ရေးဥပဒေကို အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခုဖြင့် ပြဋ္ဌာန်း ထားပါကြောင်း၊ ဥပဒေပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လေးစားလိုက်နာရမှာဖြစ်သဖြင့် ယခုလို ခေါ်ယူ၍ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများကို တွေ့ဆုံရှင်းလင်းဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ဥပဒေတွင်ပါဝင်သည့်  စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် ကုန်စည်/ ဝန်ဆောင်မှု တို့၏ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ စားသုံးသူများရရှိမည့် အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ အကြောင်း၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသား ရေးသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းအား ဆွေးနွေးဟောပြော ခဲ့ပြီး တက်ရောက်လာသော အလှကုန်နှင့် လူသုံးကုန်ရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များ အနေနဲ့ အဓိကအားဖြင့် မိမိတို့ရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်စသည့်အချက်များကို ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ပြီး ယင်းသို့ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိမှသာ မိမိတို့ဆိုင်တွင် ရောင်းချကြရန် လိုအပ်မှာဖြစ်ကြောင်း၊  နောက်ပိုင်းကာလများတွင်  ကွင်းဆင်းစစ်ဆေးမှုများနှင့်   အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် အထူးအလေးထား သိရှိ လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှ လည်း စိတ်ဝင်တစားဖြင့် သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင် (၂၇) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)