ကိတ်မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် ဆွေးနွေးအသိပညာပေး

Powered by Drupal

      ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ) သည် ၈.၉.၂၀၂၂ ရက်နေ့ နံနက် ၁၀း၃၀ အချိန်တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာမှ လမင်းအမှတ်တံဆိပ်(ကိတ်မုန့်မျိုးစုံ)ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် ပြည်နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် ဦးဇေယျာအောင်(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြပါဝင်ရမည့် အာမခံချက်များဖြစ်သည့် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူလိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင်ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်းတို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ် 2/2019 အရ ကိတ်မုန့်မျိုးစုံသည် ကုန်စည်အုပ်စု(က)တွင်ပါဝင်ပြီး အသင့်စားမုန့်အမျိုးမျိုးတို့၌ ပါဝင်သည့်အတွက် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျောက်ထားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)