
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်၊ ကန်ရေ၊ ကုန်းသာ၊ ဇရပ်ကြီး စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး နှမ်း၊ ပဲစဉ်းငုံ၊ နေကြာ၊ မြေပဲ၊ ကုလားပဲနှင့် စပါးတို့ကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇွန်လတွင် တောင်သူ (၃၀)ဦးမှ နှမ်းစိုက်ဧက(၅၀)ဧကခန့်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကြီးပင်ကန်ကျေးရွာနေ တောင်သူ(၁)ဦးမှ ၎င်းအနေဖြင့် မိုးနှမ်းစိုက်ဧက(၂)ဧကခန့်စိုက်ပျိုးခဲ့ ကြောင်း၊ မျိုးအနေဖြင့် နှမ်းဖြူမျိုးကိုစိုက်ပျိုးခဲ့ပြီး ယခင်နှစ်ကနှမ်းစိုက်ခင်းမှထွက်ရှိသည့်နှမ်းကို မျိုးအနေဖြင့်ဖယ်ချန်၍ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး (၃)ပြည်ခန့်ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြား သွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် စတင်ထွက်ရှိခဲ့ပြီး(၁)ဧကလျှင် (၇)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ (၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ခန့်ရရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၃၇၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက် အနေဖြင့် မင်းဘူးမြို့ပေါ်ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း သိရသည်။
DOCA(မကွေး)