တောင်ငူခရိုင်တွင် ဩဂုတ်လအတွင်းဆန်နှင့် စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် အခြေခံလူတန်းစားများ ဆန်နှင့်စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်ရန်အတွက် တောင်ငူခရိုင်အတွင်းရှိ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် ညှိနှိုင်း၍ ဆန်များကိုလည်းကောင်း၊ ဆီကုန်သည်များနှင့် ညှိနှိုင်း၍ စားသုံးဆီများကို လည်းကောင်း သက်သာသောနှုန်းထားဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

   ဩဂုတ်လအတွင်း တောင်ငူခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်နှင့် ဖြူးမြို့နယ် များတွင် သက်သာသောဈေးနှုန်းဖြင့် ဆန်အိတ် ၃၉၈ ကိုရောင်းချပေးနိုင်ခဲ့ပါသည်။

  စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့ရာ ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ် ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျှက်ရှိရာ ဩဂုတ်လ အတွင်း Six Winner Brothers, Grand Unity နှင့် First Top ကုမ္ပဏီ ၃ ခုမှ တောင်ငူခရိုင်အတွင်း အခြေခံလူတန်းစားများသို့ စားအုန်းဆီ ပိဿာ ၃၅၀၉၀ ရောင်းချနိုင်ခဲ့ပါသည်။

    ထို့အတူ Diamond Dragon Co.,Ltd သည် Yarthetpan အမှတ်တံဆိပ် အဆင့်မြင့် စားအုန်းဆီ ၉၅၉၂ ပိဿာကို ရောင်းချပေးခဲ့ပါသည်။ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်နှင့် စားသုံးဆီများကို အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချနိုင်ရေး သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)