တောင်ငူမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချ

Powered by Drupal

   တောင်ငူမြို့နယ် ဆင်ဆိပ်ကျေးရွာအုပ်စုရှိ အခြေခံလူတန်းစားများ စားသုံးဆီကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ချက်အရ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကံလှကျေးရွာဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စားသုံးဆီပိဿာ ၅၅၀ ကို ရောင်းချပေးခဲ့ပါသည်။

        စားအုန်းဆီ လက်လီလက်ကား ဝယ်ယူခွင့်ရရှိသည့် ကုန်သည်များအနေဖြင့် ရန်ကုန် အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေး လျှက်ရှိရာ သစ္စာပွဲရုံက ဆင်ဆိပ်ကျေးရွာအုပ်စုရှိ ပြည်သူများအား ဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ် ဖြင့် ရောင်းချပေးခြင်းဖြစ်ပါသည်။

      ထို့အတူ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် Diamond Dragon Co.,Ltd က တောင်ငူမြို့ အမှတ် ၁၁ ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား ကန်ပတ်လမ်းတွင် ရာသက်ပန် အမှတ်တံဆိပ် ဘူးသွပ် အဆင့်မြင့်စားအုံးဆီ (၅၀ ကျပ်သားဘူး) ၁၃၂၀ ဘူး (အလေးချိန် ၆၆၀ ပိဿာ)ကို တစ်ပိဿာလျှင် ၆၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် တောင်ငူမြို့ရှိ စားသုံးဆီ ကုန်သည်များနှင့် ညှိနှိုင်း၍ အခြေခံလူတန်းစားများသို့ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)