ယခုနှစ် ကြံရာသီတွင် ကြံစိုက်တောင်သူများ ဈေးကောင်းမျှော်လင့်လျှက်ရှိ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကြံများစိုက်ပျိုးထားရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ပြည်မြို့နယ်တွင် (၇၀၄၇)ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၂၀၄၉၅)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၄၀)ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၂၅၆)ဧက၊ စုစုပေါင်း (၂၇၈၃၈)ဧက စိုက်ပျိုးထားပြီးဖြစ် ပါသည်။ မကြာမီအချိန်တွင် ကြံများထွက်ပေါ်လာမည်ဖြစ်သဖြင့် ကြံစိုက်တောင်သူများ အနေဖြင့် ဈေးကောင်းများရရှိရန် မျှော်လင့်နေချိန်ဖြစ်ပါသည်။ ယခင်နှစ်တွင် ကြံစိုက်ဧက (၃၂၀၉၄)ဧကရှိပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ကြံတန်ချိန် (၂၂)တန်ခန့်ထွက်ရှိခဲ့ပါသည်။ ကြံတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၇၅၀၀၀၀-၈၀၀၀၀၀ကျပ်အထိကုန်ကျခဲ့ပါသည်။ ကြံတစ် တန်ဈေးမှာ စက်ရုံအရောက် (၅၄၀၀၀)ကျပ်ခန့် ရှိခဲ့၍ တစ်ဧကဝင်ငွေမှာ (၁၁၈၈၀၀၀) ကျပ် ရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၈၈၀၀၀)ကျပ်ခန့် ရရှိခဲ့ပါသည်။

   ယခုနှစ်အနေဖြင့် ကြံတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၁၃)သိန်းကျပ်ခန့်ရှိပြီး မကြာမီ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများမှစတင်၍ ကြံများခုတ်သိမ်းရတော့မည်ဖြစ်သဖြင့် တစ်ဧက လျှင် ကြံတန် (၂၅)တန်လောက်အထိ ထွက်ရှိနိုင်မည်ဟု ကြံစိုက်တောင်သူထံမှ သိရှိရပါသည်။ ယခုနှစ်တွင် သွင်းအားစုများဈေးမြင့်လာသဖြင့် တစ်ဧကကုန်ကျစရိတ်မှာ ယခင်နှစ်ကထက်စာရင် ထက်ဝက်နီးပါးခန့် ဈေးများမြင့်တက်လာခဲ့ပါသည်။ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်များ ကြီးမြင့်လာသည်နှင့်အညီ ထွက်ရှိလာသည့် ကြံများလည်း ဈေးကောင်းရရှိမှသာ စိုက်ပျိုးစရိတ် ကြေပြီး အကျိုးအမြတ်များကို မိမိတို့စားဝတ်နေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကြံစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခုနှစ်တွင် ကြံတစ်တန်လျှင် အနည်းဆုံး (၈၀၀၀၀) ကျပ်ခန့်ရရှိမှသာ ကြံတစ်ဧကအထွက်နှုန်း အနိမ့်ဆုံး (၂၂)တန်ခန့်ဖြင့် တွက်ချက်ပါက တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၆၀၀၀၀)ကျပ်ခန့်ရရှိမည်ဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး စိုက်ပျိုး ထွက်ရှိသည့်သီးနှံဖြစ်သည်နှင့်အညီ ကြံစိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံးဝင်ငွေအဖြစ် အကျိုးအမြတ် ရရှိနိုင်စေရေးအတွက် ကြံစိုက်တောင်သူများအနေဖြင့် ကြံဈေးကောင်းများရရှိရေး မျှော်လင့် လျှက်ရှိပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)