ခရမ်းမြို့နယ်၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တာဝန်ခံသည် (၂၁.၉.၂၀၂၂)ရက်နေ့၊ နံနက် ၉:၃၀ အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲကို အဆိုပါကျောင်း၏ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲအား ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသူ/ကျောင်းသား (၂၅၈)ဦး စုစုပေါင်း(၂၆၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ အဖွင့်အမှာစကားကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမိုးမှ ပြောကြားခဲ့ပြီး ခရမ်းမြို့နယ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အာ/ကာမှူးမှ အသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်များ ကို ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်(ဒု-ဦးစီးမှူး)မှ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးနှင့်  စပ်လျဉ်း၍ ဗဟုသုတများ တိုးပွားလာစေရန်နှင့် ကျောင်းသား/ကျောင်းသူများ အစားအသောက်တွေကို မှန်ကန်စွာ ရွေးချယ်စားသောက်တက်စေရန် ကျန်းမာတဲ့လူငယ်များဖြစ်စေရန် ရည်ရွယ်၍ မိမိတို့ ဦးစီးဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများနှင့် အစားအသောက် များကို ရွေးချယ်ဝယ်ယူရာတွင်လုပ်ဆောင်ရမည့် နည်းလမ်း များနှင့် ကုန်အညွှန်းအမှတ်အသားတွင် ပါရှိသည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများအား ဝန်ဆောင်မှုနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် လည်းကောင်း (သို့မဟုတ်)အစားအသောက်နှင့် ပတ်သက်၍လည်းကောင်း နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားနိုင် သည့်ဖုန်းနံပါတ်များနှင့် လိပ်စာတို့ကိုပါ အသိပေးပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ တဆင့် မိသားစုနှင့်လူမှုဝန်းကျင်တွင် စားသုံးသူကာကွယ်ရေး အသိပညာများအား လက်ဆင့်ကမ်းဖြန့်ဝေ ပြောကြားပေးကြပါရန် တိုက်တွန်းပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)