အိုဇုန်းလွှာပျက်စီးခြင်းကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ခွင့်ရရှိနိုင်

Powered by Drupal

     လူနေမှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ လူသားတို့အဆင်ပြေပြီး သက်တောင့်သက်သာ နေထိုင်နိုင်ရန် ထုတ်လုပ်သုံးစွဲနေသာ ပစ္စည်းများထဲမှ နေ့စဉ်အသုံးပြုနေသော ရေခဲသေတ္တာ၊ လေအေး ပေးစက်နှင့် အအေးခန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ အဆိုပါ ပစ္စည်းများ တွင် အသုံးပြုသည့် အအေးပေး ဓာတုပစ္စည်းများဖြစ်သော ဒြပ်ပစ္စည်းများကြောင့် လေထုထဲမှာရှိတဲ့ အိုဇုန်းလွှာ ပါးလွှာပျက်စီးနေသည်ကို သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့ပါတယ်။ အိုဇုန်းလွှာပျက်စီးမှုကြောင့် ကမ္ဘာမြေပေါ်ကို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ပမာဏများလာပြီး လူသားတွေမှာ အရေပြား ကင်ဆာရောဂါ၊ မျက်စိတိမ်စွဲခြင်း၊ ခုခံအားကျဆင်းခြင်းတွေဖြစ်စေနိုင်ပါတယ်။ စိုက်ပျိုး‌ရေး ကဏ္ဍတွင် သီးနှံပင်များ ကြီးထွားမှုနှောင့်နှေးခြင်း၊ အထွက်နှုန်းကျဆင်းခြင်း၊ အာဟာရဖြစ်စေမှုကို ကျဆင်းစေပြီး အဆိပ် အတောက်ဖြစ်မှုကို တိုးပွားစေနိုင်ခြင်းတို့ ဖြစ်ပေါ် စေနိုင် သည့်အပြင် အပင်နှင့် ပိုးမွှားဂေဟစနစ်၊ အဏ္ဏဝါ ဂေဟစနစ်ပျက်စီးမှုတို့ဖြစ်ပေါ်စေနိုင်ပါတယ်။ ရာဘာ၊ ပလပ်စတစ်၊ သုတ်ဆေး၊ သစ်သား၊ စက္ကူ၊ သားမွှေးနှင့် ချည်ထည် စသည့် ရုပ်ဝတ္ထုပစ္စည်းများအတွက် ယိုယွင်းပျက်စီး မှုများ ဖြစ်ပေါ်လာနိုင်ပြီး ကြာရှည်ခံမှုနှင့် အသုံးဝင်မှုသက်တမ်း လျော့ကျစေကြောင်းသိရပါတယ်။

    ကမ္ဘာ့လေထုတွင် အလွှာ (၄) ခုရှိသည့်အနက် အိုဇုန်းလွှာသည် ဒုတိယအလွှာတွင် တည်ရှိပြီး ကမ္ဘာမြေပြင်အထက် အမြင့် ၁၅ ကီလိုမီတာမှ ၃၅ ကီလိုမီတာအကြားတွင် တည်ရှိပါတယ်။ အိုဇုန်းလွှာ ဟာ အိုဇုန်းအငွေ့များ စုစည်းထားသည့် ၃ မီလီမီတာ အထူမျှရှိပြီး ပါးလွှာသည့် အငွေ့တန်း ကလေး ဖြစ်ပြီး ကမ္ဘာကြီးကို လွှမ်းခြုံကာကွယ်ထားပါတယ်။ အိုဇုန်းလွှာသည် သက်ရှိများအတွက် နေမှလာသော အန္တရာယ်ဖြစ်စေသည့် ခရမ်းလွန် ရောင်ခြည်များကို ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်မကျရောက်စေရန် ကာကွယ်ပေးပါတယ်။

    လက်ရှိ လူသားများရဲ့ လုပ်ရပ်များနောက်ကွယ် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းနှင့် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် လက်ရှိ ၂၀၂၀ခုနှစ် NASA ဒေတာများအရ ကမ္ဘာ့အိုဇုန်းလွှာ၏ ၁၇ရာခိုင်နှုန်းခန့်သည် ပျက်စီးသွားခဲ့ရကြောင်းသိရကာ ယခင်အခြေအနေပြန်ရောက်အောင် ကမ္ဘာနှင့်တစ်ဝှမ်း ထိန်းသိမ်း ကာကွယ်မှုများပြုလုပ်လျက်ရှိနေပါတယ်။ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ အသုံးပြု မှုကို ကာကွယ် ထိန်းချုပ်ရန် မွန်ထရီရယ်သဘောတူစာချုပ်ကို ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံများရဲ့ သဘော တူညီချက်နဲ့ အတည်ပြုချမှတ်ခဲ့ကြောင်းသိရပါတယ်။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ(၁၆)ရက်နေ့ကို "World Ozone Day - ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့" အဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံများ လက်ရှိကြုံတွေ့နေရသည့် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်၊ အနာဂတ်မျိုးဆက် များအတွက် ကမ္ဘာမြေပေါ်ရှိ သက်ရှိများကိုကာကွယ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စုပေါင်းအင်အားဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို ရပ်ဆိုင်းရန် ကြိုးစားခဲ့ခြင်းကြောင့် အိုဇုန်းလွှာအပေါက်သည် ပြန်လည်ကောင်းမွန်လာခဲ့ပြီး လူသားများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် ဂေဟစနစ်များကိုပါ ကာကွယ်ပေးနိုင်ခြင်းဖြစ်ပါတယ်။

      အိုဇုန်းလွှာပျက်စီးခြင်းကို ကာကွယ်ထိန်းသိမ်းရန် လူတစ်ဦးချင်းမှ အစပြု၍ ကမ္ဘာ့နိုင်ငံများ အားလုံး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးရန် နည်းလမ်းများကတော့

• အိုဇုန်းလွှာပျက်စီးသော ဒြပ်ပစ္စည်းများကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ပါ။ မိမိတို့ ဝယ်ယူသည့် ပစ္စည်းများတွင် CFCs ပါဝင်မှုနည်းသည့် သို့မဟုတ် လုံးဝမပါသည့် ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုပါ။

• ရေခဲသေတ္တာနှင့် လေအေးပေးစက်များကို ဝယ်ယူအသုံးပြုမည်ဆိုပါက “အိုဇုန်းကိုအန္တရာယ်မပြုသော/ Ozone friendly ၊” “HCFC ကင်းလွတ်/ HCFC free” (သို့မဟုတ်) စွမ်းအင်ခြိုးခြံချွေတာမှု စသည့် အမှတ်အသားများပါသည်ကို ကြည့်ရှုဝယ်ယူပါ။

• နိုက်ထရက်အောက်ဆိုဒ်သည် လေထုကို အလွန်ညစ်ညမ်းစေသဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် တောင်သူများအနေဖြင့် သီးနှံအတွက် ဓာတ်မြေဩဇာတွင် နိုက်ထရက် အောက်ဆိုဒ်ကို လိုအပ်သည့် ပမာဏကိုသာ သုံးစွဲပြီး တတ်နိုင်သမျှ လျှော့ချသုံးစွဲပါ။

• ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် စွမ်းအင်ချွေတာခြင်းဖြင့် တစ်ဦးချင်း မော်တော်ယာဉ် အသုံးပြုမှုကို တက်နိုင်သမျှ လျှော့ချပါ။ စက်ဘီးစီးခြင်းနှင့် လမ်းလျှောက်ခြင်း အလေ့အကျင့်တို့ကို လေ့ကျင့်ပျိုးထောင်ပါ။

• မိမိပတ်ဝန်းကျင်ရှိ ပြည်သူလူထုကို အိုဇုန်းလွှာပျက်စီးရခြင်း၊ ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ပေးပါ။

 အအေးပေးပစ္စည်းများသည် လူမှုစနစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းကျိုးပေးနိုင်သကဲ့သို့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ မရှိစေရေးအတွက်လည်း အိုဇုန်းလွှာ မထိခိုက်စေသည့် အစားထိုး အအေးပေးဒြပ်ပစ္စည်းနှင့် စွမ်းအင်ချွေတာပြီး စွမ်းဆောင်ရည်ကောင်းသော အအေးပေးပစ္စည်း များကိုသာ တင်သွင်းဖြန့်ဖြူး အသုံးပြုသွားရန်လိုအပ်ပါသည်။ အအေးပေးဒြပ်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ဆလင်ဒါပုံစည်ပိုင်းများဖြင့် ထုပ်ပိုးမှုများဆောင်ရွက်ကြပါသည်။ အဆိုပါ စည်ပိုင်းတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို တံဆိပ်ကပ်ခြင်း၊ ရိုက်နှိပ်ခြင်း၊ ထွင်းထုခြင်း နည်းများဖြင့် ဖော်ပြကြသည်။ ဖော်ပြထားသောဒြပ်ပစ္စည်းအမျိုးအစားနှင့် သတင်းအချက်အလက်များသည် တင်သွင်းသူ၊ ဖြန့်ဖြူးရောင်းချသူ၊ သုံးစွဲသူတို့အတွက်အရေးကြီးသလို ကုန်သွယ်မှုစာရင်းထိန်းသိမ်းခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့အတွက် အရေးပါပါသည်။ စနစ်တကျ မှန် ကန်စွာဖော်ပြခြင်း မရှိ ပါက အသုံးပြုသူများ၏ ကျန်းမာရေးနှင့်ဘေးကင်းမှုကို အာမခံနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် တံဆိပ် မူမမှန်ခြင်း၊ တံဆိပ်ဖော်ပြမှုမရှိခြင်း၊ တရားမဝင်တင်သွင်းလာခြင်းများကို တားဆီးရမည်ဖြစ်ပါသည်။ လူသားများအပါအဝင် သက်ရှိများ၏ဘဝ ရှင်သန်ရပ်တည်နိင်ရန် အတွက် အိုဇုန်းလွှာကောင်းမွန်ရေး သည် အလွန်အရေးပါသည့်အတွက် အိုဇုန်းလွှာထိန်းသိမ်းရေးမှာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ပါတယ်။ စားသုံးသူအခွင့်အရေးများအနက် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းဟူသည့် အခွင့်အရေးပြည့်ဝအောင် သက်ဆိုင်ရာဥပဒေ၊ ညွန်ကြားချက်များဖြင့် ကာကွယ်ပေးလျက်ရှိပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်၊ ကောင်းမွန်သန့်ရှင်းတဲ့ ဂေဟစနစ်တွေကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းရပ်တည်နိုင်ရန် မိမိတို့အားလုံး သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားပြီး ထိန်းသိမ်းသွားကြရမည် ဖြစ်ပါတယ်။

DOCA(စစ်ကိုင်း)