
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင် သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးကို ဘုမ္မနိုးကျေးရွာတွင် စီးပွားဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။
၎င်းကီလိုမာလကာမျိုးအနေဖြင့် ၇-၈ လသားအရွယ်ရှိ ကိုင်းကူးပျိုးပင်များကို ပျိုးပင်ကြီး တစ်ပင် လျှင် (၂၀၀၀)ကျပ်၊ အသေးတစ်ပင်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ပေးဝယ်ရပြီး အစိုဓာတ် ကောင်းမွန်စွာရရှိသည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ခြား တန်းခြား ၈ ပေ အကွာဖြင့် စိုက်ဧက တစ်ဧကလျှင် ကီလိုမာလကာပင် ၃၅၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် သိန်း ၅၀ ခန့် ကုန်ကျကြောင်း၊ ကီလိုမာလကာပင်စိုက်ပျိုးပြီး အသီးကင်းချိန်တွင် အားဆေး၊ ပိုးသတ်ဆေး (၂) ကြိမ်ဖျန်းပေးရပါကြောင်း၊ အသီးများ ပေသီးအရွယ်အစားခန့်ရှိပါက စက္ကူအကြည်အိတ်ဆွတ်ပေးရပါကြောင်း၊ အပင်ငယ်ချိန်တွင် တစ်လ လျှင် ရေ(၂)ကြိမ်၊ ဆောင်းရာသီတွင် (၁) ကြိမ်၊ နွေရာသီတွင် ရေလောင်း၊ ရေသွင်းခြင်းဖြင့် အပင်များကို ပြုစုပေးပါက တစ်နှစ်သား အရွယ်ခန့်တွင် အသီးများကို စတင်ခူးဆွတ်နိုင်ပြီး ကီလိုမာလကာ သီးများကို တစ်နှစ်ပတ်လုံး ရရှိနိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ တစ်နှစ်လျှင် ကီလိုမာလကာ တစ်ပင် အတွက်ပျမ်းမျှအလုံးရေ ၁၅၀-၂၀၀ ခန့် ထွက်ရှိရာ တစ်ဧက အတွက် ပျမ်းမျှအလုံးရေ ၄၈၀၀၀ မှ ၅၀၀၀၀ လုံး ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကီလိုမာလကာ တစ်ဧကအတွက် တစ်နှစ်လျှင် ငွေကျပ် ၇၀ မှ ၁၀၀ သိန်းခန့် ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ တတိယပတ်တွင် ကီလိုမာလကာသီး လက်ကားဈေး တစ်လုံးလျှင် ဗြွန်ဈေး ငွေကျပ် ၃၅၀-၃၈၀ နှုန်းဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် စိုက်ခင်းသို့ ပွဲစားများမှ ဖောက်သည်လာယူခြင်း၊ မုံရွာသစ်သီးဆိုင်များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)