တောင်ငူမြို့ တက္ကသိုလ်များရှိ သင်ကြား၊ စီမံဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီနှင့်ဆန်များ ရောင်းချပေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ တောင်ငူမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ သင်ကြား၊ စီမံဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီနှင့် ဆန်များရောင်းချနိုင်ရေးအတွက် တောင်ငူမြို့မှ ဆီကုန်သည်များ၊ ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များနှင့် ညှိနှိုင်းဆောင် ရွက်လျှက်ရှိပါသည်။

     စက်တင်ဘာလ ၂၀ ရက်နေ့ တွင် တောင်ငူမြို့ ဦးဖိုးလုံး စားသုံးဆီအရောင်းဆိုင်မှ တောင်ငူတက္ကသိုလ်သို့ စားအုန်းဆီ ၄၅၀ ပိဿာကို တစ်ပိဿာလျှင် ၅၄၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဒေါ်အေးမြင့် စားသုံးဆီပွဲရုံအရောင်းဆိုင်မှ တောင်ငူပညာရေးဒီဂရီကောလိပ်သို့ စားအုန်းဆီ ၇၄ ပိဿာကို တစ်ပိဿာလျှင် ၅၄၀၀ ကျပ်ဖြင့် လည်းကောင်း၊ အောင်စားသုံးဆီအရောင်းဆိုင်မှ တောင်ငူ ကွန်ပျူတာတက္ကသိုလ်သို့ ရာသက်ပန်အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(၅၀ ကျပ်သား ဘူး) ၉၇ ပိဿာကို တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့်လည်းကောင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ရောင်းချပေးခဲ့ပါသည်။

     ထို့အတူ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တောင်ငူမြို့ မိဘမေတ္တာဆန်စက်မှ တောင်ငူ တက္ကသိုလ်ရှိ သင်ကြား၊ စီမံ ဝန်ထမ်းများသို့ ဆန်အိတ် ၃၈ အိတ်နှင့် ပညာရေးဒီဂရီကောလိပ်သို့ ဆန်အိတ် ၇ အိတ် စုစုပေါင်း  ဆန်အိတ် ၄၅ အိတ်ကို ဆန်တစ်ပြည်လျှင် ၁၈၅၀ ကျပ်နှုန်း၊ ဝန်ထမ်းတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။ စားသုံးဆီနှင့် ဆန်များရောင်းချ ရာသို့ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးကြောင်း သိရှိ ရပါသည်။

DOCA(ပဲခူး)