မြစ်ကြီးနားခရိုင်ရော်ဘာစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    ရော်ဘာသည်ပြည်တွင်းစက်မှုလုပ်ငန်းအတွက်သာမကပြည်ပပို့ကုန်များတွင်လည်းအရေးပါ သောစက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည်။ ရော်ဘာသည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ပေ (၁၀၀၀၀) ကျော်ထိ စိုက်ပျိုးနိုင်သည်။ရော်ဘာ၏ မူရင်းဒေသသည် တောင်အမေရိကတိုက်၊ ဘရာဇီးနိုင်ငံ၊ အမေဇုံမြစ်ဝှမ်းဖြစ်ပြီး၊မျိုးရင်းမှာ Euphorbice ၊ ရုက္ခဗေဒအမည်မှာ Hevea brasiliensis ဖြစ်သည်။ရော်ဘာသည် နှစ်ရှည်ပင်ဖြစ်သည့်အားလျော်စွာ မျိုးရွေးချယ်မှု မှန်ကန်ရေး သည်လည်း အရေးကြီးပါသည်။

    မြန်မာနိုင်ငံတွင် စိုက်ပျိုးသောမျိုးများမှာ BPM-24, RRIC-100, RRIM-717, PB-260 ,PB-235, RRIM-623, GT-1, RRIM-600 ,PR-255, PR-107 တို့ဖြစ်သည်။ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် ရော်ဘာအများဆုံးစိုက်ပျိုးကြပြီး၊ ကချင်ပြည်နယ်ဒေသနှင့်ကိုက်ညီသည့် RRIM-600,GT-1,RRIM-623, 2000 Series, နောင်နန်းမျိုးများကိုသာ အဓိကစိုက်ပျိုးကြသည်။

     ရော်ဘာစိုက်ပျိုးတည်ထောင်ခြင်းအနေဖြင့် ပျိုးခင်းမြေနေရာရွေးချယ်ရပါသည် မြေသားအထူ ၁၈ လက်မရှိ၍ သဲမဆန်လွန်း၊ အစေးလွန်းသောမြေ၊ စိမ့်မစွဲသောမြေ ၊ ရေသွင်းရေထုတ်လွယ်ကူ သောနေရာတွင် မျိုးဘောင်များပြုလုပ်ပြီး စတင်စိုက်ပျိုးရပါသည်။ပျိုးဘောင်မှ ၄ လ မှ ၆ လ ခန့် အကြာတွင် စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။စိုက်ခင်းတွင်လည်း ပျိုးပင်အရွယ်အစားအလိုက်ခွဲခြား၍ စိုက်ပျိုးရပြီး၊ ပျိုးပင်တစ်ပင်နှင့်တစ်ပင်(၆² × ၃²)(၄² × ၄²) စိုက်ပျိုးရပြီး တစ်ဧကလျှင် ပျိုးပင်ပေါင်း (၁၈၀) မှ (၂၀၀)ခန့် စိုက်ပျိုးပါသည်။

     မြစ်ကြီးနားခရိုင်တွင်ရော်ဘာစိုက်ပျိုးမှုအနေဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစ်ကြီးနား မြို့နယ်၌ (၃၂၁၃၈ ) ဧက၊ ဝိုင်းမော်မြို့နယ်၌ (၁၅၃၈၈) ဧကနှင့် အင်ဂျန်းယန်မြို့နယ်၌ (၉၃၈) ဧက၊ စုစုပေါင်း (၄၈၄၆၄) ဧက စိုက်ပျိုးထားရှိပြီး အထွက်နှုန်းအနေဖြင့် (၂၆၀၀) တန်ခန့်ထွက်ရှိပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခြင်း၊ စိုက်ပျိုးပြုစုခြင်း ၊ သွင်းအားစုဝယ်ယူခြင်း၊ လုပ်သား ငှားရမ်းခြင်း၊ အစေးခြစ်ခြင်းတို့အတွက် စုစုပေါင်း ကျပ်(၁၆၃၈၅၀၀)ခန့်ကုန်ကျပါသည်။

     လက်ရှိကာလတွင် ရော်ဘာ(၁)ပေါင်ဈေးနှုန်း ကျပ်(၃၀၀၀)ခန့်ဖြစ်ပြီး တစ်ဧကဝင်ငွေ ကျပ်(၂၁၀၀၀၀၀)ခန့်ရရှိပါသည်။တစ်ဧကအကျိုးအမြတ်အနေဖြင့် သွင်းအားစုနှင့် လုပ်သားငှားရမ်းခ ဈေးကြီးမြင့်မှုကြောင့် တစ်ဧကအကျိုးအမြတ်ရရှိမှုအနေဖြင့် ကျပ်(၄၆၀၀၀၀)ခန့်သာ ရရှိပါသည်။ မြစ်ကြီးနားခရိုင်မှထွက်ရှိသော ရော်ဘာများအား ကံပိုက်တည်နယ်စပ်တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျှက်ရှိရာ ယခုအခါတွင် နယ်မြေအခြေအနေအရ ပြည်ပသို့တင်ပို့ခြင်းမရှိဘဲ မန္တလေးပွဲရုံများ သို့သာတင်ပို့ရောင်းချလျှက်ရှိကြောင်းနှင့် သယ်ယူပို့ဆောင်ခအနေဖြင့် မြစ်ကြီးနားမှ မန္တလေးထိ ကားတင်ပို့ခအနေဖြင့်တစ်ပိဿာလျှင်ကျပ်(၃၅၀၀)ခန့်ကုန်ကျလျှက်ရှိကြောင်း ရော်ဘာစိုက်ပျိုးသည့်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ကချင်)