စိုက်ပျိုးစရိတ်လျော့ချရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲပေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မွန်မွန်သက်သည် (၂၅.9.2022) ရက်နေ့တွင် ပွင့်ဖြူ မြို့နယ် ဇီးကိုင်အုပ်စု ဝဲထောင်ကျေးရွာ၌  ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးစပါးစိုက်တောင်သူ ဦးရဲစိုးနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ယခုနှစ် စပါးစိုက်ပျိုးရာသီတွင် ဓါတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်သည့်အတွက် သဘာဝမြေဩဇာကို သုံးစွဲစိုက်ပျိုးကြောင်း ကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ်များစွာ ရရှိကြောင်း သိရှိခဲ့ရပါသည်။ ဝဲထောင့်ကျေးရွာသည့် မုန်းချောင်း နဘေးတွင် တည်ရှိကာ အိမ်ခြေ(၇၀၀)ခန့်ရှိပြီး လူဦးရေမှာ(၃၅၀၀)ခန့်ရှိသောရွာကြီးတစ်ရွာဖြစ်ကြောင်း နှစ်စဉ် မုန်းချောင်းရေကျပြီး မြေနုကျွန်းများနှင့် လယ်မြေများပေါ်တွင် စပါး၊ ထောပတ်ပဲ၊ စားတော်ပဲ၊ မြေပဲများ  စိုက်ပျိုးလျက်ရှိကြောင်း လယ်မြေများတွင် မိုးရာသီ၌ ဧရာပဒေသာစပါးစိုက်ပျိုးပြီး ယာမြေနု ကျွန်းများတွင် ဆောင်းရာသီ၌ မြေပဲ၊ ထောပတ်ပဲ၊ စတော်ပဲများတွင် နေကြာသီးနှံညှပ်၍ စိုက်ပျိုးကြောင်း လယ်မြေများမှာ မိုးကောင်းသောက်လယ်များဖြစ်သော်လည်း ရေလိုအပ်ချိန်တွင် မုန်းချောင်းမှ ရေသွင်းနိုင်သည့်အတွက် စပါးအထွက်ကောင်းကြောင်းသိရှိရပါသည်။ တောင်သူဦးရဲစိုး အနေဖြင့် ယခုနှစ်တွင် ဧရာပဒေသာစပါး(၅)ဧကကို သဘာဝမြေဩဇာပြုလုပ်သုံးစွဲ၍ စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

      စပါးစိုက်ပျိုးရန်အတွက် မိုးဦးကျချိန်တွင် နွေသမန်းကို ထွက်ယက်ပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များကို စတင်စိုက်ပျိုးထားပြီးတဖက်မှလည်း ကောက်ရိုးမှော်၊ စပါးခွံ၊ နွားချေး စသည့် စွန့်ပစ်အမှိုက်များကို မြေဆွေးမြေဩဇာအသုံးပြုရန်ကြိုတင် စုဆောင်းထားကြောင်း ရွက်ဖြန်းမြေဩဇာအသုံးပြုရန် ငါး၏အမြီး၊ခေါင်းနှင့် ထန်းလျှက်တို့ဖြင့် ပြုလုပ်ထားသည့် ငါးအမိုင်နိုရွက် ဖြန်းမြေဩဇာကို ကြိုတင် စီစဉ်ဆောင်ရွက်ထားကြောင်း၊ သစ်စိမ်းမြေဩဇာ(20)ရက်သားခန့်တွင် စပါးကိုပျိုးထောင်ရကြောင်း စပါးပျိုးသက်(27)ရက်ခန့်တွင် သစ်စိမ်းမြေဩဇာကို ထယ်ထိုး၊ အပုတ်ခံ ကြောင်း (45)ရက်သားသစ်စိမ်းမြေဩဇာသည် မြေဆီလွှာအတွက် အကောင်းဆုံးဖြစ်ကြောင်း၊ ထယ်ထိုးအပုတ်ခံပြီး(၅) ရက်ခန့်အကြာတွင် ပျိုးပင်သက် (32)ရက်သားရှိသော စပါးပျိုးပင်များကို စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးကြောင်း မြေဆွေးကျင်းပြုလုပ်ထားသော သဘာဝမြေဩဇာကို စိုက်ခင်းသက်တမ်း(10 မှ 15)ရက်အတွင်း တစ်ကြိမ် ပတ်ဖြန်းကြောင်း စပါးပင်မှို့ကပ်ချိန်တွင် နောက်တစ်ကြိမ်ပတ်ဖြန်းကြောင်း ငါးအမိုင်နိုရွက်ဖြန်း အားဆေးကို စပါးနှံစတင်ထွက်ရှိချိန် စက်တင်ဘာလဆန်းတွင် စတင်ပတ်ဖြန်းကြောင်း ဦးရဲစိုး၏ လယ်မြေများတွင် စိုက်ပျိုးထားသောစပါးခင်းနှင့်ပတ်သတ်၍ စိုက်ပျိုးရေးဦးစီးဌာန၏ အကြံပြုချက်နှင့် နည်းပညာ ဖြန့်ဝေမှုများအရ သဘာဝမြေဩဇာများကို ကိုယ်တိုင်ပြုလုပ်၍ စိုက်ပျိုးရေး ဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ စိုက်ပျိုးခဲ့ကြောင်း နိုဝင်ဘာလခန့်တွင် စပါးများရိတ်သိမ်းမည် ဖြစ်ကြောင်း သိရှိရပါသည်။

   မိုးစပါးစိုက်ပျိုးရန် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် သစ်စိမ်းမြေဩဇာ စတင်စိုက်ပျိုးချိန်၊ ပျိုးခင်းပြင်ချိန်မှစိုက်ခင်းထိ မြေပြင်စိုက်ပျိုးစရိတ်မှာ မိမိပိုင်ထွန်စက်ဖြင့် (3)နာရီခန့်မြေ ပြင်ရာတွင် ဒီဇယ်(4.5)လီတာခန့် ကုန်ကျကြောင်း ငွေကြေးအနေဖြင့်(14000)ကျော်ခန့် ရှိကြောင်း၊ ကောက်စိုက်ခ၊ ပျိုနှုတ်ခ၊ ရိတ်သိမ်းခ၊ ကောက်လှိုင်းစီးခ အတွက်အလုပ်သမားဦးရေ(၄၀)ဦးခန့် ငှားရမ်း သုံးစွဲရကြောင်း တစ်ဦးလျှင်နေ့တွက်လုပ်အားခ(3000)ကျပ်နှုန်းပေးရပြီး စုစုပေါင်းလုပ်အားခအနေဖြင့် (၁၂၀000)ကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုများသည့်အတွက် ရေတင်ရသည့် ကုန်ကျစရိတ်သက်သာကြောင်း သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းကြောင့် မြေဩဇာ  အတွက်ကုန်ကျစရိတ် သက်သာကြောင်း နှံစုတ်ပိုးများ ကျရောက်ပါက ပိုးသတ်ဆေး ဝယ်ယူသုံးစွဲရမှာဖြစ်ကြောင်း၊ ယခု အချိန်ထိ သုံးစွဲရန်မလိုသေးကြောင်း (၁)ဧက ထွက်နှုန်းမှာ တင်း(80 မှ 100)ခန့် ထွက်ရှိမည်ဖြစ် ကြောင်း၊ လယ်ကွင်းအတွင်းမှကောက်လှိုင်းများကို မိမိပိုင်ထွက်စက်ဖြင့် သယ်ယူမည်ဖြစ်ကြောင်း၊ (၁)ဧက ကုန်ကျစရိတ်မှာ(350000)ခန့်ရှိပါကြောင်း အကျိုးအမြတ်အနေဖြင့် ယခုနှစ်တွင် စပါးဈေး နှုန်းမြှင့်တက်မှုကြောင့် (၅)ဧကအတွက်(၂၅)သိန်းခန့် ရရှိမည်ဟု မျှော်မှန်း ကြောင်း သိရပါမည်။

      ဝဲထောင့်ကျေးရွာသည် လယ်မြေနှင့် ယာမြေနုများပေါ်တွင် အမှီပြု၍ နေထိုင်ကျသော တောင်သူ များဖြစ်ကြောင်း စပါးစိုက်ဧကလည်း များသောကြောင့် ဆန်ထွက်ရှိမှုမှာလည်း များပြားကြောင်း စားသုံးပြီးပိုလျှံသော စပါးများကိုဒေသကုန်သည်များလာရောက်ဝယ်ယူ လျက်ရှိပါကြောင်း၊ သဘာဝ မြေဩဇာကို သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း ပြီး လုံခြုံစိတ်ချစွာ စားသုံးနိုင်ပါကြောင်း၊ အခြားကျေးရွာများလည်း ဝဲထောင့်ကျေးရွာကဲ့သို့ သစ်စိမ်း သဘာဝမြေဩဇာကိုသုံးပြီး စိုက်ပျိုးခြင်းဖြင့်  ကုန်ကျစရိတ်သက်သာ၍ အထွက်နှုန်းအနေဖြင့် လျော့နည်း ခြင်းမရှိသောကြောင့် သဘာဝမြေဩဇာကို ပြုလုပ်သုံးစွဲစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ် များစွာ ရရှိပြီးဘေးအန္တရာယ် ကင်းရှင်းမည်ဖြစ်ပါကြောင်းမြေနုကျွန်းများတွင်လည်း မြေပဲနှင့်နေကြာကို သီးထပ် သီးညှပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ဒေသခံတောင်သူများလည်း ဝင်ငွေ တိုးပွား ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(မကွေး)