နေပြည်တော်၊ (၁၂-၁၀-၂၀၂၂)
Commerce Journal သို့ သတင်း/ဆောင်းပါးရေးသားပေးပို့ခြင်းနှင့်စပ်လျဉ်း၍ အရည် အသွေးပြည့်မီသည့် သတင်း/ဆောင်ပါးများ ပေးပို့နိုင်ရေးအတွက် Commerce Journal အုပ်ချုပ်သူ ဦးမျိုးသူ (ဒုတိယညွှန်ကြားရေးမှူးချုပ်ငြိမ်း) နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ သတင်း/ဆောင်းပါးရေးသားသည့် အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံဆွေးနွေးသည့် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေး ရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ Commerce Journal အုပ်ချုပ်သူနှင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်း/ဆောင်းပါး ရေးသားတင်ပြရေး အဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် Commerce Journal အုပ်ချုပ်သူ ဦးမျိုးသူ က Commerce Journal ကို ၂၀၀၀ ခုနှစ်က စတင်ထုတ်ဝေခဲ့ပါကြောင်း၊ “စီးပွားရေးအောင်မြင်ရန် သတင်းအချက် အလက်အခြေခံ” ဆောင်ပုဒ်ကို အခြေခံ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ လှုပ်ရှားမှုများ၊ ပြည်တွင်း/ပြည်ပကုန်သွယ်မှုဆိုင်ရာ သတင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ အားကိုး အားထားပြုနိုင်သည့် သတင်း/ဆောင်းပါးများအား နှစ်ပတ်လျှင် တစ်ကြိမ် တနင်္လာနေ့တိုင်း ထုတ်ဝေ ခဲ့ပါကြောင်း၊ ယခုထပ်မံထုတ်ဝေမည့် Commerce Journal တွင် ဆန်စပါး၊ ပဲမျိုးစုံဆိုင်ရာ သတင်း များ၊ အထူးစီးပွားရေးဇုန်ဆိုင်ရာသတင်းများ၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာသတင်းများ၊ ကုန်စည်ဒိုင် များတွင် ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်းနှိုင်းယှဉ်ချက်များ၊ စက်သုံးဆီ၊ စားသုံးဆီ၊ ရွှေဈေးနှုန်းများ၊ ရော်ဘာ၊ စားဖိုဆောင်သီးနှံဆိုင်ရာ သတင်းများ၊ ဘာသာပြန်သတင်းများ၊ စီးပွားရေးသံမှူးဆိုင်ရာ သတင်းများ၊ ဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာနဆိုင်ရာ သတင်းများ ထည့်သွင်းဖော်ပြရန် လျာထားပါ ကြောင်း၊ သတင်းဆောင်းပါး ရေးသားသူများအနေဖြင့် မိမိတို့ရေးသားသည့် သတင်းများထည့်သွင်း ဖော်ပြနိုင်ရေးအတွက် အရေအတွက်ထက် အရည်အသွေးပြည့်မီသည့် ဆောင်းပါးများဖြစ်ရန် လိုအပ် ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်း/ဆောင်းပါး ရေးသားတင်ပြရေး အဖွဲ့ဝင်များအနေဖြင့် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အရည်အသွေးကောင်းမွန်သည့် သတင်းများရေးသားနိုင်ရေးအတွက် တွန်းအား ပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံ ခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက မိမိတို့ ဝန်ကြီးဌာနနှင့် ဦးစီးဌာန Website များ၊ Facebook Page များတွင် သတင်းများလတ်ဆတ်မှုရှိစေရေးအတွက် အထူးအလေးထား ရေးသားစေလိုအပ်ပါ ကြောင်း ပြောကြားခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်း/ဆောင်းပါး ရေးသားတင်ပြရေး အဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ITQM)