ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် မိုးစပါး စိုက်ပျိုးခြင်းကို ဟင်္သာတမြို့နယ်တွင် ၁၂၈၆၆၇ ဧက၊ ဇလွန်မြို့နယ်တွင် ၇၂၃၇၂ ဧက၊ လေးမျက်နှာမြို့နယ်တွင် ၅၁၀၆၈ ဧက စိုက်ပျိုးပြီး၊ စုစုပေါင်း မိုးစပါးစိုက်ဧက ၂၅၂၁၀၇ တွင် မနောသုခ၊ ရွှေဝါထွန်း၊ မှော်ဘီ၂၊ ဧရာမင်း၊ ဆင်းသုခ၊ ထိုင်း ရက် ၉၀၊ စဝနာ၊ GW-11၊ ပခန်းရွှေဝါ၊ ငစိန် စပါးမျိုးများကို စိုက်ပျိုးကြကာ၊ ဆင်းသုခစပါးစိုက်ဧကမှာ ၁၆၀၆၃၈ဧက စိုက်ပျိုးပြီး၊ တခရိုင်လုံးစိုက်ဧက၏ ၆၃ရာနှုန်းကျော် စိုက်ပျိုးသော စပါးမျိုးလည်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် အစိုဓာတ် ၁၆-၁၉ ရာနှုန်း၊ ပေါင် ၅၀ တင်း ၁၀၀ လျှင် ၁၀၀၀၀၀၀ ကျပ် ၁၀၅၀၀၀၀ ကျပ် ဈေးဖြင့် တောင်သူများရောင်းချရပြီး စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်၊ ၂ ရက်တို့တွင် မိုးရွာသွန်းခဲ့မှုကြောင့် စပါးဈေး အနည်းငယ်ပြန်အေးခဲ့သော်လည်း အောက်တိုဘာ ၆ ရက်နေ့တွင် စပါးတင်း ၁၀၀ လျှင် ၉၇၀၀၀၀ ကျပ်မှ ၁၀၁၀၀၀၀ ကျပ်ဈေးအတွင်း အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာမှ GW-11 မျိုး ကောက်စောစပါးရိတ်သိမ်းသော တောင်သူ ဦးကျော်နိုင်နှင့် ကုန်းကြီးကျေးရွာမှ ဆင်းသုခမျိုးကောက်စော စပါး ရိတ်သိမ်းသော တောင်သူ ဦးသက်တင်တို့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ် တာဝန်ခံမှ ကောက်စောစပါး ရိတ်သိမ်းထွက်ရှိမှု အခြေအနေအား ကွင်းဆင်းဆွေးနွေးစုံစမ်းခဲ့ရာ ကောက်စောစပါး တစ်ဧကလျှင် တင်း(၇၀)နှင့် (၇၅) ကြားထွက်ရှိပြီး၊ ရိတ်သိမ်းခြွေလှေ့ခမှာ တစ်ဧကလျင် ၈၅၀၀၀ ကျပ်ဈေးပေးချေရကြောင်း လေ့လာသိရှိရပါသည်။
DOCA(ဧရာဝတီ)