ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ရေး ထပ်မံအသိပညာပေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး နှင့် ခရိုင်ဦးစီးမှူး တို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများ ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် ရည်ရွယ်၍ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင်   ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး နှင့် ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပြည့်စုံစွာပါဝင်မှုရှိစေရန် သွားရောက်တွေ့ဆုံ အသိပညာပေးဆွေးနွေးခဲ့ပြီးဖြစ်သော ပခုက္ကူမြို့ အမှတ်(၁၄)၊ အမှတ်(၁၅)ရပ်ကွက်ရှိ ပဲကြော်အမျိုးမျိုး၊ စားသောက်ကုန်များထုတ်လုပ် ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များနှင့် ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်သော လုပ်ငန်းရှင်များဆီသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်စေရေးအတွက် ထပ်မံသွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

        ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက် အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိ လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည် အုပ်စု(က)ရှိ အစားအသောက်တွင်  မြန်မာ ဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ် လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်စေလိုကြောင်း ထပ်မံ အသိပေး အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)