ကသာမြို့၊ မုန့်တီလုပ်ငန်း ထုတ်လုပ်မှုအခြေအနေ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ကသာ(ကောလင်း)ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကသာမြို့ ရပ်ကွက်(၃)ရှိ ဒေါ်ဆင့်မုန့်တီလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာ ၎င်းလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်း ဖြစ်ပြီး လုပ်သားဦးရေအနေဖြင့် (၅)ဦးခန့်ရှိပါသည်။ ကသာမြို့တွင် အလားတူမုန့်တီလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်ဦးရေ (၃)ဦးခန့်ရှိကြောင်းလည်း သိရှိရသည်။

ထုတ်လုပ်ပုံအဆင့်ဆင့်

     ဆန်အမာကို ရေစင်အောင်ဆေး၍ တစ်နာရီခန့် ရေစိမ်ရပါသည်။ ရေစိမ်ပြီးပါက ရေစစ်ထုတ်၍ ရရှိလာသောဆန်အား တစ်ညသိပ်ထားရပါသည်။ နောက်တစ်နေ့တွင် တစ်ညသိပ်ထားသော ဆန်ကို စက်ဖြင့်ကြိတ်၍ ထွက်ထားသော မုန့်နှစ်များကို ပိတ်စအဖြူဖြင့် ရေစင်အောင်ညစ်ရပါသည်။ ရေစစ်ပြီး ရရှိလာသော မုန့်နှစ်များကို မီးဖိုပေါ်တွင် ပေါင်းရပါသည်။ ပေါင်း၍ရလာသော မုန့်နှစ်ကို စက်ဖြင့်ပြန် လည်ညစ်၍ မုန့်တီဖတ်ကို ထုတ်လုပ်ရရှိပါသည်။

ထုတ်ပိုးမှု၊ ထုတ်လုပ်မှုအခြေအနေ

     ထုတ်ပိုးမှုအနေဖြင့် အင်ဖက်၊ ကျွတ်ကျွတ်အိတ်များဖြင့် ထုတ်ပိုးကြပြီး ထုတ်လုပ်မှုအနေဖြင့် တစ်ရက်လျှင် ဆန်(၈)ပြည်ခန့် ထုတ်လုပ်နိုင်ကာ ဆန်တစ်ပြည်လျှင် မုန့်တီ(၂)ပိဿာခန့် ထုတ်လုပ်နိုင် ၍ အမှာရှိပါက ပိုမိုထုတ်လုပ်ကြောင်း၊ ထုတ်လုပ်မှုကာလအနေဖြင့် တစ်နှစ်ပတ်လုံး ထုတ်လုပ်ကြောင်း သိရှိရသည်။

ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်

     မုန့်တီတစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဆန်တစ်ပြည် (၁၅၀၀)ကျပ် (ပျှမ်းမျှ)ရှိပြီး ဆန်တစ်ပြည်လျှင် မုန့်တီ(၂)ပိဿာ ထုတ်လုပ်နိုင်သောကြောင့် အကျိုးအမြတ်ရရှိမှုမှာ (လုပ်သားခမပါ) ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်း အကျိုးအမြတ် ရရှိကြောင်း သိရှိရသည်။

ဈေးကွက်ဖြန့်ဖြူးမှုနှင့် လက်ရှိလုပ်ငန်းအခြေအနေ

     ကသာမြို့ပေါ်ရှိ မုန့်တီလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ကုန်ကြမ်းအား ဒေသတွင်ရှိသော ဆန်ကိုသာ အသုံးပြုကြပြီး ဆင်းဧကရီ(၃)ဆန်အမာ အမျိုးအစားကို အများဆုံးအသုံးပြုကြကြောင်း သိရှိရသည်။ ဈေးကွက်ဖြန့်ဖြူးမှုမှာ ထုတ်လုပ်ရရှိသော မုန့်တီများကို ကသာမြို့ပေါ်နှင့် အနီးဝင်းကျင်မြို့များဖြစ်သော အင်းတော်၊ ဗန်းမောက်မြို့များသို့ တင်ပို့ရောင်းချကြောင်းနှင့် လက်ရှိအချိန်တွင် လုပ်ငန်းလည်ပတ်ရုံ သာရှိပြီး ငွေကြေးအရင်းအနှီးများ နိုင်ငံတော်မှ အထောက်အပံ့ရရှိပါက မုန့်တီအစိုအား မုန့်တီအခြောက်ပြုလုပ်၍ အခြားဒေသများသို့ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)