ရာသီစာ ပေါင်းတင်း ( ခေါ် ) ကောက်ညှင်းကျည်တောက်

Powered by Drupal

       ကလေးမြို့တွင် အောက်တိုဘာလပိုင်းအစရောက်ပြီဆိုတာနဲ့ ကလေး-ကလေးဝ ကားလမ်းမပေါ်ရှိ ဦးလေးကြီး ပေါင်းတင်း ( ခေါ် ) ကောက်ညှင်းကျည်တောက် ဆိုင်ကလေးမှာ စတင်ရောင်းအား ကောင်းလာပြီဖြစ်ပါတယ်။

      ရာသီစာ ပေါင်းတင်း ( ခေါ် ) ကောက်ညှင်းကျည်တောက် ရောင်းချနေသည့် ဦးလေးကြီးနှင့် တွေ့ဆုံမေးမြန်းရာတွင် မိမိအနေဖြင့် အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ကောက်ညှင်းဆန်ဟောင်းများဖြင့် စတင်ပြုလုပ်ကာရောင်းချလျက်ရှိပြီး ကောက်ညှင်းဆန်သစ်ပေါ်ချိန် နိုဝင်ဘာလတွင် ပိုမိုရောင်းအားကောင်းကြောင်းကို ပြောကြားခဲ့ပါသည်။

       ပေါင်းတင်း ( ခေါ် ) ကောက်ညှင်းကျည်တောက် ပြုလုပ်ပုံအဆင့်ဆင့်အား မေးမြန်းရာတွင် ကောင်းညှင်းဆန်(ငချိတ်) တစ်အိတ်လျှင် ( ၈၅၀၀၀ ) ကျပ်၊  ကောက်ညှင်းဆန် (ဖြူ) တစ်အိတ်လျှင် ( ၈၀၀၀၀ ) ကျပ်၊ တင်းဝါး ( ၅ ) ဆစ်ပါ တစ်ပင်လျှင် ( ၁၀၀၀ ) ကျပ်၊ ထင်း ( ၁ ) တန်လျှင် ( ၇၅၀၀၀ ) ကျပ်ပေး၍ ဝယ်ရပါကြောင်း၊  ပထမဦးစွာ ကောက်ညှင်းဆန်များကို သန့်စင်ပြီး ရေစင်အောင်ဆေး ကာ ရေစိမ် ( တစ်ညသိပ် ) ပြီး ရေပြန်ဆေးကာ တင်းဝါးထဲသို့ ကောက်ညှင်း ဆန်များသွတ်၍ ထင်းကောင်းကောင်း၊ မီးကောင်းကောင်းဖြင့် ဖုတ်ရပြီး ဝါးကျွမ်းပြီးအကြေးလှန်အောင် လှည့် ကာ ဖုတ်ရပါကြောင်း၊ ကောက်ညှင်းဆန်ဟောင်းဖြင့် ပေါင်းတင်းဝါး ဖုတ်ရာတွင် ဆန်များအကျက်မညီ ဖြစ်တတ်သောကြောင့် သတိထား၍ ဖုတ်ရပါကြောင်း သိရသည်။

       ရောင်းအားအနေဖြင့် ကောက်ညှင်းဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၃ ) ရက်ခန့်သာ အသုံးပြုရပြီး တစ်ရက်လျှင် ( ၈ ) ပြည်ခန့် အသုံးပြု၍ အကြီး၊ အသေးပေါ်မူတည်၍ အချောင်း ( ၅၀ ) ခန့် ရရှိ ပါကြောင်း၊ ပေါင်းတင်း တစ်ချောင်းလျှင် ( ၂၅၀၀ ) ကျပ်၊ ( ၂၀၀၀ ) ကျပ်၊ ( ၁၅၀၀ ) ကျပ်၊ ( ၁၀၀၀ ) ကျပ် စသည်ဖြင့် မိသားစု တစ်နိုင်တစ်ပိုင်ဖြင့် နှစ်စဉ် ဝင်ငွေရရှိကာ ဦးလေးကြီး ပေါင်းတင်းဆိုပြီး နာမည်တွင်နေသော ရာသီစာ ပေါင်းတင်း ( ခေါ် ) ကောက်ညှင်းကျည်တောက် ဖြစ်ပါကြောင်းနှင့် ဖြန့်ဖြူးရောင်းချမှုအနေဖြင့် ယခုအခါတွင် မြို့နယ်တွင်းသာ ရောင်းချရပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါက မုံရွာမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့အထိပါ တင်ပို့ရောင်းချရပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)