ပခုက္ကူမြို့မှ ထုတ်လုပ်သော “အရီးချို” ပုန်းရည်ကြီး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေချောင်းကွက်သစ်၊ ကျွဲတဲ အုပ်စုရှိ “အရီးချို” ပုန်းရည်ကြီးလုပ်ငန်းသို့ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ပြည်တွင်းကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် လုပ်ငန်းရှင် ဦးသိန်းနိုင် နှင့်တွေ့ဆုံပြီး ပုန်းရည်ကြီး ထုတ်လုပ်ရောင်းဝယ်မှု အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

          ပုန်းရည်ကြီး ပြုလုပ်ရာတွင် အဓိကအသုံးပြုသော ပဲပိစပ်ကို ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများမှ  ဝယ်ယူရပြီး ဈေးနှုန်းအနေဖြင့် (တစ်တင်းခွဲ) တစ်အိတ်ကို ကျပ်(၇၀၀၀၀)ပေးရကြောင်း၊ တစ်နေ့ ကုန်ကြမ်း(၃) အိတ်ကုန်ကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် ပထမအဆင့် ပဲများကို ရေစိမ်ပြီးနောက် ပြုတ်၍ ပြုတ်ရည် အနှစ်နှင့် အဖတ်များ ခွဲထုတ်ရကြောင်း၊ ဒုတိယအဆင့် ရရှိလာသည့် အနှစ်ကို ဒယ်အိုး၊ ထင်းမီးများနှင့် အဆက်မပြတ်မွှေ၍ ပုန်းရည်ကြီး ဖြစ်သည်အထိ (၁)ဒယ်ကို (၃)နာရီခန့် ကြာအောင် ကြိုရကြောင်း၊ တတိယအဆင့် လိုအပ်သလို ပုန်းရည်ကြီးထုပ်များ ထုပ်နိုင်ရန်အတွက် (၃) နာရီခန့် အအေးခံထားပြီး အထုပ်လေးများထုတ်ရကြောင်း၊ အထုပ်သေး(၅)ထုပ်ပါ တစ်တွဲ ကျပ်(၇၀၀)နှင့် အထုပ်အကြီး(၅)ထုပ်ပါ တစ်တွဲ ကျပ်(၁၄၀၀)ဖြင့် ရောင်းချကြောင်း၊ (၁)ရက်ကို (၆)ဒယ် ပြုလုပ်ရကြောင်း၊ (၁)ဒယ်လျှင် (၁၅)ပိဿာခန့် ရရှိကြောင်း၊ ပုန်းရည်ကြီး (၁)နေ့ ထုတ်လုပ်မှုအနေဖြင့် (၉၀)ပိဿာခန့် ထွက်ရှိပြီး (၁)လလျှင် (၂၀) ရက်ခန့်သာ ပြုလုပ်ရကြောင်း၊ ထုတ်လုပ်မှုအကုန်နီးပါး လက်ကား/ လက်လီ ရောင်းရကြောင်း၊ အလုပ်သမား (၂၀)ဦးရှိပြီး (၁) ဦးလျှင် တစ်နေ့လုပ်အားခမှာ အမျိုးသား ကျပ်(၆၀၀၀) နှင့် အမျိုးသမီး ကျပ်(၅၀၀၀)ပေးရကြောင်း၊ ပုန်းရည်ကြီးကြိုရာမှ ထွက်ရှိလာသည့် အဖတ်များကိုလည်း ဝက်စာအဖြစ် ရောင်းချရကြောင်း၊ (၁)ရက်ကုန်ကျစရိတ်အနေဖြင့် ကျပ်(၅၀၀၀၀၀) ခန့်ကုန်ကျကြောင်းနှင့် အကျိုးအမြတ် အနေဖြင့် ကျပ်(၁၃၀၀၀၀)ခန့်ရရှိကြောင်း၊ ပုန်းရည်ကြီး ပြုလုပ်ရသည်မှာ လက်ဝင်ပြီး အဆင့်ဆင့်အချိန်ပေး၍ ပြုုလုပ်ရသော်လည်း အိုးမကွာ အိမ်မကွာပြုလုပ်ရခြင်းဖြစ်သည့် အတွက် တစ်နိုင်တစ်ပိုင် အသေးစား လုပ်ငန်း ဖြစ်သော်လည်း အနီးပတ်ဝန်းကျင်ရှိ ပြည်သူများကို လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်သည့်အတွက် ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ ပြော ကြားချက်အရ သိရှိရပါသည်။   

DOCA(မကွေး)