တရုတ်နိုင်ငံ (GACC) သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင်မည့် မြန်မာနိုင်ငံမှ ကုမ္ပဏီများစာရင်းအား GACC Website တွင် ဖော်ပြထား

Powered by Drupal

နေပြည်တော်၊ (၂၁-၁၀-၂၀၂၂)

             တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC) နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) တို့အကြား မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ သဘောတူစာချုပ်ပါအချက်အရ ပြောင်းသည် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ပြောင်းဆံဖြစ်ပြီး စိုက်ပျိုးရန်မဟုတ်ဘဲ ပြုပြင်ကြိတ်ခွဲရန်သာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။

            တရုတ်နိုင်ငံ GACC သို့ (Sanitary and Phytosanitary Protocol-SPS Protocol) ပါ သတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင်ရေး အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ ၏ သိုလှောင်ရုံ/ အခြောက်ခံစက်/ နေလှန်းကွင်းများ စစ်ဆေးခဲ့မှုအပေါ် စိစစ်ရွေးချယ် ဆောင်ရွက် နိုင်ရေး Working Task Force အဖွဲ့အား အဖွဲ့ခေါင်းဆောင်အဖြစ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးနှင့် မြန်မာကုန်ပစ္စည်းစစ်ဆေး‌ရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း တို့မှ ပါဝင်၍ အဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး စနစ်တကျဆောင်ရွက်ခဲ့ကြပါသည်။

             မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်နိုင်ငံ GACC သို့ တင်ပို့နိုင်ရေး မှတ်ပုံတင်ခွင့်ရရှိရေးအတွက် စိတ်ပါဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူခဲ့ရာ စုစုပေါင်း ကုမ္ပဏီ(၁၄၃)ခု လျှောက်ထားလာ ပြီး အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံ/ အခြောက်ခံစက်/ နေလှန်းကွင်း များအား စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS) မှ စစ်ဆေးရေးမှူးများက SPS Protocol ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးသည့် လုပ်ငန်းစဉ် များ လုပ်ဆောင်ခဲ့ကြပါသည်။

             SPS Protocol ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးရာတွင် အပိုင်း(၂)ပိုင်း ဖြင့် စစ်ဆေးခဲ့ပြီး အပိုင်း(က)မှာ ကုန်ကြမ်းနှင့် ကုန်ချောသိုလှောင်ရုံ စက်ရုံအတွင်း ထားရှိမှုနှင့် အပိုင်း(ခ)မှာ လုပ်သားကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးစစ်ဆေးမှုတို့ဖြစ်ပါသည်။ ထိုသို့ မစစ်ဆေးမီ လုပ်ငန်းရှင်များအား SPS Protocol ပါ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ အသိပညာ ပေး ရှင်းလင်းခဲ့ပါသည်။ အဆိုပါ SPS Protocol ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိအပြင် သိုလှောင်ရုံ၊ အခြောက်ခံစက်၊ နေလှန်းကွင်းများမှာ ကိုယ်ပိုင် ပိုင်ဆိုင်မှု ဟုတ်/မဟုတ်၊ အငှား/ အကျိုးတူဖြစ်ပါက အငှားစာချုပ်ခိုင်မာမှုရှိ/မရှိတို့အပြင် နိုင်ငံသားပိုင်ကုမ္ပဏီ/ နိုင်ငံခြားသားပိုင် ကုမ္ပဏီ စသည်ဖြင့်လည်း စိစစ်ခဲ့ကြပါသည်။ စိစစ်ပြီးဖြစ်သည့် ကုမ္ပဏီများစာရင်းအား စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံ GACC တွင်မှတ်ပုံတင်ခွင့် ရရှိနိုင်ရေးပေးပို့ခဲ့ပါသည်။

             ယခုအခါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသည့် ကုမ္ပဏီ (၁၁၂) ခု၏ သိုလှောင်ရုံ (၁၃၃) လုံးနှင့် အခြောက်ခံစက် (၅၉) စက်တို့အား တရုတ်နိုင်ငံ GACC Website ဖြစ်သည့် http://www. customs.gov.cn/ dzs/2747042/ 3995819/ls/ 3997385/index.html တွင် ဖော်ပြ ထားသည်ကိုတွေ့ရှိရကြောင်းနှင့် အဆိုပါကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံ(GACC)သို့ ပြောင်းဆံများ တင်ပို့နိုင်ပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ITQM)