ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာရှိ ဒေသထွက်ကုန် လယ်ကိုင်းမရွေးလုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးဝင်းသည်(၁၈.၁၀.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀)အချိန်တွင် လယ်ကိုင်းကျေးရွာ၌ မရွေးလုပ်ငန်းရှင် ဒေါ်နုနုဝင်းနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မရွေးလုပ်ငန်းအား ကွင်းဆင်းလေ့လာ ခဲ့ပါသည်။

        မရွေးလုပ်ငန်းရှင် ဒေါ်နုနုဝင်း(မြတ်မွန်ရတနာ-၂)မှ မရွေးလုပ်ငန်း၏ ကုန်ကြမ်းများဖြစ်သော ထန်းလျက်ကို စဉ့်ကူးမြို့မှလည်းကောင်း ကပ်စေးကို ရန်ကုန်မှလည်းကောင်း၊ ဆီ၊ ဆန်နှင့် ဂျုံတို့အား မကွေး၊ မင်းဘူးမှလည်းကောင်း မှာယူပြီးပြုလုပ်ရပါကြောင်း၊ မရွေးစတင်ပြုလုပ်ရန် မီးဖို(၂)ဖိုထားရကြောင်း၊ တစ်ဖိုက ကပ်စေးနှင့် ထန်းလျက်ရောပြီး အစီးကျအောင်ကျိုပါကြောင်း၊ ကျန်တစ်ဖိုကမုန့်ကြွပ်ကြော်ပါကြောင်း၊ ၎င်းနောက်ဂျုံမှုန့်နှင့် ဆန်မှုန့်ရောပြီး ရေနှင့်နှပ်ထားရပါကြောင်း၊ နှပ်ပြီးသား ဂျုံသားများအား ပြားပြီး မုန့်ပြားကလေးများရအောင် စက်ထဲသို့ထည့်၍ ပြုလုပ်ရပါကြောင်း၊ ထိုနောက် မုန့်ပြားကလေးများအား မုန့်ကြွပ်ရအောင် ဆီကြော်အိုးထဲထည့်ပြီး ကြော်ရပါကြောင်း၊ မုန့်ကြွပ်များရပါက ထန်းလျက်နှင့် ကပ်စေးကျိုထားသော အိုးထဲသို့လောင်း ထည့်ပြီး ယိုထိုးရပါကြောင်း၊ ယိုထိုးပြီးလျှင်   မရွေးမုန့်သားများ ရရှိပါက ဆီစိမ်စက္ကူပါးများခင်းထား သောပုံစံကွက်ထဲသို့ လောင်းထည့်ပြီး မျက်နှာပြင်ညီအောင်ညှိရပါကြောင်း၊ ၎င်းနောက် မုန့်သား များအား တစ်ခုစီဖြစ်အောင် ဓါးဖြင့်လှီးရပါကြောင်း၊ လှီးပြီးသားမရွေးများအား ပလတ်စတစ်ထဲသို့ တံဆိပ်နှင့် ရော၍ ထည့်ပြီးလျှင် မရွေးထုပ်များရရှိပါကြောင်း၊ မရွေးလုပ်ငန်းအား တစ်နေ့လျှင် ယခုအချိန်၌ အထုပ်ရေ (၇၀၀)သာထုတ်နိုင်ပါကြောင်း၊ ယခင်နှစ်များက (၉၀၀-၁၀၀၀) အထိ ထုတ်လုပ်နိုင်ပါကြောင်း၊ တစ်ရက်လျှင်တစ်ဦးကျပ်(၅၀၀၀)ဖြင့် အလုပ်သမား(၇)ဦးငှားရမ်းလုပ်ကိုင် ရပါကြောင်း၊ တစ်ပိဿာလျှင် အလတ် ထုတ်(၇၀)နှင့် အသေးထုတ်(၉၀)ခန့်ရရှိပါကြောင်း၊ ထုတ်လုပ်မှုပုံစံမှာ အလတ်ထုတ်နှင့် အသေး ထုတ်များ ထုတ်လုပ်ပါကြောင်း ၊ လက်လီအနေဖြင့် အလတ်ထုတ် တစ်ထုတ်လျှင်ကျပ်(၅၀၀)နှင့် အထုတ်သေးတစ်ထုတ်လျှင် ကျပ်(၂၅၀)ရောင်းရ ပါကြောင်း၊ လက်ကားဖောက်သည်များအား ကျပ်(၅၀)လျော့၍ပေးရပါကြောင်း၊ ဈေးကွက်အနေ အထားမှာ ပွင့်ဖြူမြို့နယ်ရှိ စားသောက်ကုန် ရောင်းချသော မုန့်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စာသင် ကျောင်းများရှိ မုန့်ဆိုင်များနှင့် မင်းဘူး၊ မကွေး၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့အပြင် လယ်ကိုင်းကျေးရွာသည် ကားလမ်းနံဘေးတွင်တည်ရှိသဖြင့် အနယ်နယ်အရပ်ရပ်မှ ကျောင်းတော်ရာသို့ ဘုရားဖူးလာကြသော ခရီးသွားများမှလည်း ဝယ်ယူကြပါသည်။

      ဈေးကွက်အနေအထားနှင့် ထုပ်ပိုးမှုပုံစံ အဆင့်မြှင့်တင်ရောင်းချနိုင်ပါက ဒေသထွက်ကုန်ဖြစ်သော လယ်ကိုင်းမရွေးလုပ်ငန်းမှာ ယခုထက်ပိုမို တွင်ကျယ်လာပြီး ဒေသခံပြည်သူများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ပါကြောင်းမရွေးလုပ်ငန်းရှင် ဒေါ်နုနုဝင်းထံမှ သိရှိရပါ သည်။

DOCA(မကွေး)