အရှုံးအမြတ်များသော မာယာများသည့် ကြက်သွန်နီ

Powered by Drupal

        ယခုကာလအတွင်း ကြက်သွန်နီဈေးပြန်လည်မြင့်တက်လာကြောင်း စက်တင်ဘာလဆန်း ပိုင်းတွင် ကြက်သွန်နီ(၁)ပိဿာ ကျပ်(၃၂၀၀)မှ ကျပ်(၃၅၀၀)ထိဈေးမြင့်တက်လာခဲ့ပြီး လကုန်ပိုင်းတွင် ကျပ်(၂၇၀၀)မှ (၃၀၀၀)အထိ ဈေးပြန်ကျခဲ့ပြီး သီတင်းကျွတ်လပြည့်နောက်ပိုင်း မြဝတီဘက်မှ အဆွဲများလာသည့်အတွက် ကျပ်(၃၂၀၀)မှ ကျပ်(၃၇၀၀)အထိဈေးပြန်လည်မြင့်တက်ခဲ့ကြောင်း ဆိပ်ဖြူကုန်စည်ဒိုင်မှ လှောင်လက်သမားတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

      ၎င်းအနေဖြင့် ကြက်သွန်နီများကို ဧပြီလ(သင်္ကြန်)ပြီးမှစ၍ ကုန်ချိန်သုံးသိန်းခန့် သိုလှောင် ထားခဲ့ကြောင်း ဇူလိုင်လမှစ၍ ပြန်ထုတ်ရောင်းခဲ့ရာ ဩဂုတ်၊ စက်တင်ဘာလများတွင် ကြိုက်ဈေး ရသည့်အတွက် အများဆုံးထုတ်ရောင်းခဲ့ရာ ကုန်ချိန်သုံးသောင်းခန့်သာကျန်ရှိတော့ကြောင်း  ကြက်သွန်နီမှာ ပုံမှန်နှစ်များတွင် အချိန်(၁၀၀)လျှင် တစ်လ(၅)ပိဿာခန့် လျော့နည်းသော်လည်း ယခုနှစ် ကြက်သွန်နီရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုရှိသည့်အတွက် (၇)ပိဿာမှ (၈)ပိဿာအထိ လျော့နည်း ကြောင်း လှောင်လက်သမားအနေဖြင့် ဝယ်ဈေးထက် နှစ်ဆခွဲ သုံးဆလျော့လျှင်တွက်ခြေကိုက် ကြောင်း၊ ယခုနှစ်အဖို ကြက်သွန်လှောင်သည့်အချိန်(၄)လ၊ (၅)လနှင့် ဝယ်ဈေးထက်လေးဆမှ ငါးဆ အထိရ၍ ယခင်နှစ်များထက်ပို၍တွက်ခြေကိုက်ကြောင်း၊ ကြက်သွန်လှောင်လက်သမားများအဖို့အရဲ စွန့်၍လုပ်ကိုင်ရကြောင်း၊ အချို့နှစ်များတွင် ကျပ်သိန်းသုံး၊ လေးရာအထိရှုံးခဲ့ရသည့်နှစ်များလည်း ရှိကြောင်း သိရှိရပါသည်။

       မြဝတီသို့တင်ပို့ခြင်းအတွက် (၂၅)ပိဿာတစ်အိတ်လျှင် ကားခကျပ်(၃၄၀၀)ခန့်ပေးရကြောင်း လုပ်သားခမှာ တစ်အိတ်လျှင် ကျပ်(၂၀၀)ပေးရပြီး ကြက်သွန်ရွေးရန်အတွက် အမျိုးသမီးလုပ်သား (၁၀)ဦးခန့်ကို ကြက်သွန်စတင်သိုလှောင်ချိန်မှ တစ်နေ့လျှင်ကျပ်(၅၀၀၀)နှုန်းပေး၍ ငှားရကြောင်း သို့ဖြစ်၍ ကြက်သွန်လှောင်သမားများအဖို့ လောင်းကစားသမားကဲ့သို့ အမြဲစိုးရိမ်နေရကြောင်း ယခုနှစ်ကဲ့သို့ ကြက်သွန်ဈေးကောင်းသည့်အတွက် လာမည့်နှစ်တွင် ကြက်သွန်စိုက်ဧကပိုများ နိုင်မည်ဟုခန့်မှန်းကြောင်း ကုန်သည်ဦးမှတ်ကျော်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)