ဘုတလင်မြို့နယ်ထွက် ကျောက်စိမ်းဖီးကြမ်းငှက်ပျော

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငှက်‌ပျောကို အများအပြား စိုက်ပျိုးကြသော်လည်း မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်းရှိ အုဌ်အိုင်ကျေးရွာ၊ ချပ်ခလေး၊ ခိုးချောင်း၊ အောင်ဆန်းမြင့် ကျေးရွာနှင့် ဂွေးပင်ကျင်း ကျေးရွာများတွင် မြန်မာ့ကျောက်စိမ်းဖီးကြမ်း ငှက်ပျောကို ဧက (၂၀၀၀)ကျော် စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

          မြန်မာ့ကျောက်စိမ်း ဖီးကြမ်းငှက်ပျောကို စီးပွားဖြစ်စိုက်ပျိုးကြပြီး အစေ့မှ မစိုက်ပျိုးကြဘဲ  အပင်အတက်များကို တူးဖော်၍စိုက်ပျိုးကြပါသည်။ ငှက်ပျောစိုက်ပျိုးရာ၌ တစ်ကျင်းထဲတွင် ငှက်ပျောပင်နှစ်ပင် စိုက်ပြီး တစ်ပင်နှင့်တစ်ပင်ကို တစ်တောင်ထွာစီခြား၍ စိုက်ပျိုးကြကြောင်း၊ စတင်စိုက်ပျိုးပြီး(၈)လအကြာတွင် အခိုင်စထွက်ကာ တစ်နှစ်အကြာတွင် ငှက်ပျောခိုင်များကို စတင်ခုတ်ယူရောင်းချ၍ ရပြီဖြစ်ကြောင်း၊ အမျိုးအစားအားဖြင့် ရွှေငှက်ပျောနှင့် ခွံဝါ ငှက်ပျောမျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် အပင်(၈၀၀) စိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ် (၁၅)သိန်းခန့် ကုန်ကျပြီး ငှက်ပျောထွက်ရှိ ရောင်းရငွေမှာ တစ်ဧကလျှင် ငွေကျပ်(၃၀-၄၅) သိန်းခန့် ပြန်လည် ရရှိကြောင်း၊ ရန်ကုန်၊ မန္တလေး၊ ဖားကန့်ဒေသများသို့ အများဆုံး တင်ပို့ရောင်းချကြပြီး မုံရွာမြို့နှင့် ရွှေဘိုမြို့များမှလည်း လာရောက်ဝယ်ယူနေကြောင်း၊ အနီးအနားရှိ ဝယ်လက်များက ငှက်ပျော စိုက်ခြံများအထိ လာရောက်ကာ ကိုယ်တိုင်ခုတ်ယူ၊ ကိုယ်တိုင်သယ်ယူစနစ်ဖြင့် ဝယ်ယူကြသော ကြောင့် ငှက်ပျောစိုက်တောင်သူများ ပို၍အဆင်ပြေကြကြောင်း၊ လက်ကား‌ဈေးတစ်ဖီးဈေးလျှင် ကျပ်(၆၀၀-၇၀၀)နှုန်းဖြင့် ရောင်းချရပြီး လက်လီ တစ်ဖီးလျှင် ကျပ် (၈၀၀-၉၀၀)အထိ ရောင်းချ ရကြောင်း ဘုတလင်မြို့နယ်မှ မြန်မာကျောက်စိမ်းဖီးကြမ်း ငှက်ပျောစိုက် တောင်သူတစ်ဦးထံမှ သိရှိ ရပါသည်။

DOCA(စစ်ကိုင်း)