တောင်ငူခရိုင် ရေတာရှည်မြို့မှ ဝက်အူချောင်း

Powered by Drupal

         တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဝက်အူချောင်း လုပ်ငန်းသည် အတော်အသင့် နာမည်ရနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဝက်အူချောင်း ပြုလုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများမှာ ဝက်သား၊ ဆိတ်အူ၊ သကြား၊ဆား၊ ယမ်းစိမ်း၊ အချိုမှုန့် နှင့် အခြောက်ခံမီးဖိုတို့ ဖြစ်ပါသည်။

        လိုအပ်သော ကုန်ကြမ်းများအား မန္တလေးမြို့နှင့် ဒေသတွင်း ရေတာရှည်မြို့နယ်တို့မှ ဝယ်ယူ ရရှိပါသည်။ ဝက်အူချောင်းပြုလုပ်ပုံအဆင့်ဆင့်မှာ ဝက်သားပိဿာချိန် (၂၀)ကို အရိုးများ ဖြတ်ထုတ်၍ ဓားဖြင့် နုတ်နုတ်စင်းပြီး ကြေမွသွားအောင် အသားကြိတ်စက်ဖြင့် ထပ်မံကြိတ်ရပါသည်။ ကြိတ်ပြီးသား ဝက်သားများကို အချိုမှုန့်၊ ဆား၊ သကြား၊ ယမ်းစိမ်းတို့ဖြင့် အချိုးကျ သမအောင်နယ်ပြီး ဆားရည် စိမ်ထားသော ဆိတ်အူထဲသို့ အသားညှစ်စက်ဖြင့် သွပ်သွင်း၍ အခြောက်ခံရန် အခြောက်ခံမီးဖိုထဲသို့ အပူပေးပြီးလျင် ရောင်းတန်းဝင် ဝက်အူချောင်းများ ရရှိပြီဖြစ်ပါသည်။

       ရောင်းတန်းဝင် ဝက်အူချောင်းများအား ပလတ်စတစ်အကြည် အထူစားဖြင့် ၁၀ ကျပ် သားနှင့် ၂၅ ကျပ်သားအထုပ်လေးများ ထုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

     ဈေးနှုန်းအနေဖြင့် ဝက်အူချောင်း (၁၀) ကျပ်သား အထုပ်သေး (၁) ထုပ်လျှင် ၄၀၀၀ ကျပ်နှုန်းနှင့် (၂၅)ကျပ်သား အထုပ်ကြီး (၁)ထုပ်လျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပါသည်။ ဒေသတွင်း တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် အခြားတိုင်းဒေသများမှ လာရောက်လည်ပတ် ကြသော ဧည့်သည်များမှလည်းဝယ်ယူကြပါသည်။ ရေတာရှည်မြို့နယ်ရှိ ဝက်အူချောင်းမှာ နာမည်ကျော်ကြားသော ဝက်အူချောင်းဖြစ်သောကြောင့် ဒေသတွင်းစားသုံးသူများမှ မိမိတို့အမျိုးအဆွေများရှိရာ အခြားတိုင်းဒေသများသို့ သွားရောက်လည်ပတ်ရာတွင်လည်း လက်ဆောင်အဖြစ်ဝယ်ယူကြကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)