မြန်မာ့ရိုးရာအစားအစာများစွာ ရှိသည့်အနက် ခဲတံဝါး(ခေါ်) ကောက်ညှင်းကျည်တောက်သည်လည်း ယခုရာသီတွင်နာမည်ကြီးသော အစားအစာတစ်ခုဖြစ်ပါသည်။ ခဲတံဝါးကိုပြုလုပ်ရာတွင် လိုအပ်သောကုန်ကြမ်းမှာ တင်းဝါးနှင့် ကောက်ညှင်းဆန်ဖြစ်ပါသည်။ ခဲတံဝါးပြုလုပ်ပုံမှာ တင်းဝါး အနေတော်တစ်လုံးကို ကောက်ညှင်းဆန် ထည့်ရန်အတွက် အဆစ်တစ်ခုစီတိုင်းမှ ဖြတ်တောက် ထားရပါသည်။ ထိုဖြတ်တောက်ထားသော အဆစ်ထဲသို့ ကောက်ညှင်းဆန်နှင့်ရေကို သင့်တင့် မျှတစွာထည့်၍ အဆစ်ထိပ်ဝကို ကောက်ရိုးဖြင့် ပိတ်ထားရပါသည်။ ထို့နောက် ကောက်ညှင်းဆန်နှင့် ရေထည့်ထားသော တင်းဝါးကို တစ်ခုခုဖြင့်အမှီပြု၍ ထောင်လျက်အနေအထားဖြင့်ထားကာ ပတ်ပတ်လည်ကို မီးအား အသင့်တင့်ဖြင့် (၁၅)မိနစ်ခန့် မီးရှို့ရပါသည်။ ထိုသို့အဆင့်ဆင့် ပြုလုပ် ပြီးနောက်တွင် ရောင်းတန်းဝင် ခဲတံဝါးကို ရရှိလာပြီဖြစ်ပါသည်။
ခဲတံဝါးပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းဖြစ်သည့် ကောက်ညှင်းဆန်အား တစ်ပြည်လျှင် ၃၅၀၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ဝါးကို တောင်ပေါ်ဒေသများမှ လာရောက် ရောင်းချသည့် တင်းဝါးကို အသုံးပြုရပြီး တင်းဝါးတစ်လုံးလျှင် ၁၀၀၀ ကျပ် ဝယ်ယူရကြောင်း သိရပါသည်။ ယခုလိုဆောင်းဝင်ခါစအချိန်တွင် ခဲတံဝါးသည် အအေးဒဏ်ကိုအံတုကာ မီးလှုံ ရင်းပြုလုပ်နိုင်သော အစားအစာတစ်မျိုးဖြစ်ပြီး ကောက်ညှင်းကြိုက်သူအဖို့တော့ စားကောင်းလှသော အစားအစာတစ်ခုပင်ဖြစ်ပါသည်။
ခဲတံဝါးဈေးနှုန်းဈေးကွက်အနေဖြင့် ခဲတံဝါး အရွယ်အစားအလိုက် တစ်ထောင်ဖိုးလျှင် အကြီး(၂)လုံး၊ အလတ်(၃)လုံး၊ အသေး(၄)လုံး ရောင်းချကြောင်းသိရှိရပါသည်။ ယခုလို ခဲတံဝါးပေါ်ခါစ ကာလတွင် တစ်နေ့လျှင် ခဲတံဝါးပြုလုပ်ရန် ကောက်ညှင်းဆန် ၄ ပြည်ခန့် အသုံးပြုရကြောင်း၊ တစ်နေ့ ရောင်းရငွေမှာ ကျပ်သုံးသောင်းခန့်ရှိကြောင်း ကင်းဆိပ်ကျေးရွာမှ ခဲတံဝါးလာရောက် ရောင်းချသူ တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(ပဲခူး)