တောင်ငူခရိုင် အုတ်တွင်းမြို့နယ်မှ အုန်းဆံတံမြက်စည်းလုပ်ငန်း

Powered by Drupal

        တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာရှိ အုန်းဆံတံမြက်စည်းလုပ်ငန်း မှ ထုတ်လုပ်ရောင်းချလျက်ရှိသော အုန်းဆံတံမြက်စည်းများသည် သုံးစွဲသူများပြားပြီး ဈေးကွက်ဝင်သည့် အတွက် ဒေသတွင်းဖြစ်သော ရေတာရှည်၊ တောင်ငူ၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင် မြို့နယ်များအပြင် ရှမ်းပြည်နယ်အထိ ဈေးကွက်ထိုးဖောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ဥယျာဉ်တော်ကျေးရွာတွင် တံမြက်စည်းလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦးခန့်ရှိပြီး အများစုမှာ တောင်သူလယ်သမားများဖြစ်ကြပါသည်။ တံမြက်စည်းလုပ်ငန်းကို လယ်ယာလုပ်ငန်းအားလပ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် လုပ်ကိုင်ကြခြင်းဖြစ်ပါသည်။ လုပ်ငန်းတစ်ခုတွင် လုပ်သား ၇ ဦး ခန့်လုပ်ကိုင်ရပါသည်။ မိုးရာသီ လယ်ယာလုပ်ငန်းလုပ်ကိုင်ချိန်တွင် တံမြက်စည်းလုပ်ငန်းကို ရပ်နား ထားပြီး လယ်ယာလုပ်ငန်းမှ အားလပ်ချိန်ဖြစ်သော ဆောင်းရာသီနှင့် နွေရာသီတို့တွင် အဓိကထား လုပ်ကိုင်ကြပါသည်။

    အုန်းဆံကုန်ကြမ်းများကို ရန်ကုန်တိုင်းဒေသကြီးမှ မှာယူရပါသည်။ အုန်းဆံတံမြက်စည်း ပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ အုန်းဆံ၊ ဝါး၊ ပလပ်စတစ်ကြိုးခွေ၊ သစ်သားခုံ၊ တစ်လက်မခွဲသံ တို့ဖြစ်ပါသည်။ အုန်းဆံတံမြက်စည်းတစ်ချောင်း၏ ကုန်ကျစရိတ်မှာ ၂၃၀၀ ကျပ်ခန့်ရှိပြီး လက်ကား ဖြန့်ဖြူးသောဈေးနှုန်းမှာ ၂၇၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)