
မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စားဖိုဆောင်သီးနှံဖြစ်သော ခဝဲသီးနှံကိုလည်း အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြကြောင်း သိရသည်။ ဒေသထွက် ခဝဲသီးများကို အောက်တိုဘာလ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ဒေသသီးနှံများ မပေါ်လျှင် မန္တလေး မြို့မှဝင်ရောက်ပါကြောင်း၊ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးတို့တွင် အချို့ကဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချကြောင်း သိရသည်။
နံနက်ခင်းအစောပိုင်းတွင် ကျေးရွာသူကျေးရွာသားများက ဆိုင်ကယ်များဖြင့် ဈေးတွင်လာရောက်ရောင်းချကြောင်း၊ နိုဝင်ဘာလတွင် ခဝဲသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် ( ၈၀၀) ကျပ်၊ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဈေး ဖြင့် အရောင်းအဝယ်ဖြစ််လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
