
ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံဖြစ်သော ရွှေဖရုံသီး သီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ ရွှေဖရုံသီးကို ကျောက်ဆည်ခရိုင် အတွင်းတွင် တစ်နိုင်တစ်ပိုင်သာမက စီးပွားဖြစ်လည်းစိုက်ပျိုးကြပါကြောင်း ၊ ရွှေဖရုံသီးကို မိုးဦး ကာလဖြစ်သော မေလ နှင့် ဇွန်လများတွင်လည်းကောင်း ဆောင်းရာသီ ကာလဖြစ်သော အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင်လည်းကောင်း စိုက်ပျိုးကြပါကြောင်း၊ ရွှေဖရုံသီး စိုက်ပျိုးမှု တစ်ဧကကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-) ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ အပင်သက်တမ်းအနေဖြင့် ရက်ပေါင်း (၁၀၀-၁၂၀)ကြားတွင် အသီးသီးကြပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် မြေအမျိုးအစားပေါ်မူတည်ပြီး အလုံးပေါင်း (၁၀၀၀-၁၅၀၀) ထိ အသီးသီးပါကြောင်း၊ ရွှေဖရုံသီးကို ပိဿာဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကား တစ်ပိဿာလျှင် (၁၅၀၀/-) ကျပ်နှင့် လက်လီတစ်ပိဿာလျှင် (၂၀၀၀/-) ကျပ်များဖြင့် အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း၊ ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့တို့သည် အရိုးကြီးထွားမှုကို အထောက် အပံ့ဖြစ်စေသည့်အပြင် အဆစ်အမြစ်ရောင်ရမ်း နာကျင်ခြင်းတို့ကိုလည်း သက်သာစေပါကြောင်း၊ ရွှေဖရုံသီးကို သက်သတ်လွတ်ဟင်းလျာအဖြစ် စားကြသကဲ့သို့ မိမိနှစ်သက်ရာ ပုစွန် သို့မဟုတ် အသားတစ်မျိုးမျိုးနှင့် ရော၍ချက်ပြုတ် စားသုံးနိုင်ပါကြောင်း၊ ရွှေဖရုံသီးပေါင်း၊ ရွှေဖရုံသီး စွပ်ပြုတ် နှင့် ရွှေဖရုံသီးဆန်ပြုတ်အဖြစ် စားသုံးလေ့ရှိကြပါကြောင်း၊ ရွှေဖရုံသီးကို အကြော်ကြော်၍လည်း ရောင်းချကြပါကြောင်း၊ ဈေးကွက်အနေဖြင့် အောင်ပန်း၊ ရေဦး၊ ရွာငံဒေသများမှ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း၊ ရွှေဖရုံသီး စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုး ကျေးဇူးများရရှိစေပြီး တစ်ဧကစိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၀၀၀၀၀၀/-) ကျပ် ခန့်မြတ် ကြောင်း ရွှေဖရုံသီး စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA (မန္တလေး)
