ပြည်တွင်းပြည်ပဈေးကွက်တွင် အလားအလာရှိသော ကျိုက်လတ်မြို့နယ် အသင့် စားငါးရံ့ခြောက်ဖုတ်

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၈ ဒသမ၂)ပေအမြင့်တွင် တည်ရှိသဖြင့် ပင်လယ်နှင့်(၁၈)မိုင်အကွာတွင်တည်ရှိပါသည်။ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု(၈၇)အုပ်စုရှိပြီး ကျိုက်လတ်မြို့နယ်၏ အရှေ့ဘက်တွင် ဒေးဒရဲမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ အနောက်ဘက်တွင် မော်လမြိုင်းကျွန်းမြို့နယ်နှင့် ဝါးခယ်မမြို့ နယ်၊တောင်ဘက်တွင် ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်၊ မြောက်ဘက်တွင် မအူပင်မြို့နယ်နှင့်နယ် နမိတ်ချင်းထိစပ်နေပါသည်။ မြေမျက်နှာပြင်မှာ မြစ်ဝကွျန်းပေါ်ဒေသဖြစ်၍ မြစ်၊ ချောင်း၊ အင်းအိုင် များ၊ပေါများပြီး မြေပြန့်ဒေသဖြင့်ကာ လယ်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက အားထားလုပ်ကိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။

     ကျိုက်လတ်မြို့နယ်တွင် အင်းလုပ်ငန်း(၇၈)အင်း၊ ငါးမွေးမြူရေးကန်(၇၈)ကန် ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်သူ(၃၅)ဦးရှိပါသည်။ နှစ်စဉ် မြစ်ချောင်းအင်းအိုင်နှင့်မွေးမြူရေးကန်များမှ ထွက်ရှိသော ငါးများကို ပုံမှန်ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိပြီး ငါးရံ့များကို မြို့နယ်အတွင်းရှိ အင်းများမှာ ရရှိသကဲ့သို့ လိုအပ်သည့်ငါးရံ့များအား ရန်ကုန်ငါးဈေး၏ အဝယ်ဒိုင်များမှဝယ်ယူရရှိပါ သည်။ ကုန်ကြမ်းများ လိုသလောက်ဝယ်ယူရရှိပြီးပါက အသင့်စားငါးရံ့ခြောက်ဖုန် တန်ဖိုးမြှင့်ထုတ် ကုန်(Value  Added )ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးရောင်းချနိုင်ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိကာ ဝင်ငွေတိုးတက်လျက်ရှိပါသည်။

       ယခုကာလသည် ငါးခြောက်ခွဲလှမ်းသောကာဖြစ်ပါသည်။ တစ်နှစ်လျင်(၇)လသာထုတ်လုပ်နိုင်ပြီး အောက်တိုဘာလမှ ဧပြီလထိလုပ်ကိုင်လေ့ရှိကြပါသည်။ ငါးအစိုမှ ငါးခြောက်အဆင့်ပြုလုပ်ရာတွင် ငါးရံ့အစို(၁၅)ကျပ်သား၊ (၂၀)ကျပ်သား အကောင်များအားရွှေးချယ်၍ဝယ်ယူကြရသည်။ ငါးရံ့အကောင်ကြီးပြုလုပ်ခြင်း၊ မပြုဘဲ ငါးရံ့အကောင်အသေးကိုသာပြုလုပ်လေ့ရှိကြပါသည်။ငါးရံ့ အကောင်ကြီးအား ငါးခြောက်ခွဲပါက အသားမြှောင်းထူကြီးသဖြင့်အခြောက်နှေးပါသည်။ ဆား အနည်းသာအသုံးပြုရသည့်အတွက်ဆားမနိုင်သဖြင့် အခြောက်နှေးလျှင် ငါးအသားအူပြီး အနံ့အရသာမကောင်းဖြစ်တတ်သည်။ ငါးအကောင်ကြီးသည့်အတွက် အသားရင့်ပြီး စားသုံးရာတွင်အသားမာနေ ခြင်းတို့ကြောင့် ငါးအကောင်ကြီးကို အသုံးမပြုကြောင်းသိရသည်။

      ငါးအရွယ်အစား(၁၅/၂၀)ကျပ်သား ငါးများကိုရွှေးချယ်အသုံးပြုခြင်းအားဖြင့် နေလှမ်းရာတွင် အခြောက်မြန်ပြီးစားသုံးရာတွင်လည်း ငါးအသားနူးညံ့သည့်အတွက် ပို၍အရသာရှိခြင်းတို့ကြောင့် ငါးရံ့အသေးများကိုသာ အသုံးပြုကြကြောင်းသိရသည်။ ပထမဦးစွာ ငါးခေါင်းဖြတ်၊ အူဖက်ထုတ်ပြီး ကျောခွဲ၊ ဗိုက်ခွဲ၍ အလယ်ရိုးထုတ်ကာ အပေါ်အရေခွံခွာ၍ ငါးတစ်ကောင်လျှင်(၅/၆)မြှောင်းခွဲစိတ်၍ အိမ်သုံးဆားအနည်းငယ်နှင့်နယ်ပြီး အမြှောင်းလိုက်ခြောက်အောင်နေလှမ်းရပါသည်။ ထိုငါးများအားယမ်းစိမ်းသုံးစွဲခြင်းမရှိပါ။နေလှမ်းရာတွင်(၃/၄)ရက်ထိနေလှမ်းပါက ခြောက်ပြီး ငါးရံ့အသားခြောက် များရရှိပါသည်။ပထမတစ်ရက်နေလှမ်းပြီးအသားမြှောင်းများအပေါ်ကြောတင်လာပါကလေးထောင့်ပုံ ငါးခြောက်မြှောင်းများကို   လုံးသွားအောင်   လက်ဖြင့်စုပ်၍  လုံးပေးရပါသည်။ ၎င်းနောက်ခြောက် သွေ့သွားအောင်နေဆက်လှမ်းရပါသည်။ (၄)ရက်နေလှမ်းပြီးပါက ခြောက်သွေ့သည့်ငါးခြောက်များ ရရှိပြီဖြစ်ပါသည်။

      ငါးရံ့ခြောက်မှာ ငါးရံ့ခြောက်ဖုတ်လုပ်ကိုင်ရာတွင် ငါးရံ့ခြောက်များအား သုံးမိနစ်ခန့်ရေစိမ် ထားရပါသည်။ ရေစိမ်ပြီးနောက် ရေကိုစစ်ထားကာ မီးသွေးမီးဖိုးများတွင် မီးဖုတ်၍ မွာလာအောင် ထုရပါသည်။ ထုမွာပြီးသာ ငါးခြောက်ဖုတ်များကိုမီးသွေးမီးဖိုတွင် သံဇကာခံ၍ တစ်ဖန်ပြန်ပြီးမီး ကင်ရပါသည်။မီးကင်ပြီးကြွပ်ရွလာသောငါးခြောက်ဖုတ်များအား ဆီဇလုံထဲသို့ ခေတ္တာထည့်၍ ဆီဇလုံမှ ဆယ်ယူကာ ဆီစစ်ထားသော ငါးခြောက်ဖုတ်များကို ထည့်သွင်းမည့် ဘူးအရွယ်အစားအလိုက်ချိန်ခွင်နှင့် ချိန်တွယ်၍ ဘူးထဲသို့ ထည့်ပြီးလေလုံအောင်(Packing   Plastic )ဖြင့် အလုံပိတ်ကာဈေးနှုန်း သတ်မှတ်ရောင်းချပါသည်။ ငါးရံ့ခြောက်ဖုတ်များအား ဆီစိမ်ထားလျှင်(၃)လ၊ ဆီမစိမ်ထားဘဲ အလွတ်ဖြစ်လျှင်(၅)လခန့် သက်တမ်းကုန်ဆုံးရက်ပေးထားပါသည်။ ငါးရံ့ခြောက်(၁)ပိဿာရရှိရန်  ငါးရံ့အစို(၁၀)ပိဿာသုံးစွဲရပါသည်။ ရရှိသောငါးရံ့ခြောက်(၁)ပိဿာကိုမီးဖုတ်၊ ထုရှိက်ပါအမှုံအမွှား များနှင့်ပဲ့ကြွေမှုရှိသဖြင့် စားသုံးရန်အသင့်(၆၀)ကျပ်သားသာ ကျန်ရှိမည်ဖြစ်ပါသည်။ ရင်းနှီးကုန်ကျ စရိတ်အနေဖြင့်ငါးရံ့အစို(၁၀)ပိဿာဝယ်ဈေးနှုန်းမှာတစ်ပိဿာလျှင်(၇၅၀၀)ကျပ်ဖြစ်၍(၁၀)ပိဿာ  ကုန်စရီတ်မှာ(၇၅၀၀၀)ကျပ်ဖြစ်သည်။ ငါးအစို(၁၀)ပိဿာအား ငါးခွဲလုပ်သားခ တစ်ဦးလျှင်(၃၀၀၀) ကျပ်ရှိပြီးနေလှမ်းခ(၆၀၀၀)ကျပ်၊ ဖုတ်ထုသည့်လုပ်သားခ၊ မီးသွေးဖိုး၊ ပဲဆီနှင့်လေးကျပ်သားဝင် ပလပ်စတစ်ဘူး(၁၅)ဘူး စုစုပေါင်းကုန်ကျစရိတ်(၂၅၀၀၀)ကျပ်ရှိသည်။ ဘေးထွက်ပစ္စည်းမှ ပြန် ရောင်းရငွေမှာငါးရံ့(၁၀)ပိဿာခွဲလျှင် ငါးရံ့ခေါင်းနှစ်ပိဿာငါးဆယ်ကျပ်သား ထွက်ရှိပြီးတစ်ပိဿာ ပြန်ရောင်းဈေးမှာ(၇၀၀)ကျပ်နှုန်းဖြစ်၍(၁၇၅၀)ကျပ်ရရှိပါသည်။ ငါးရံ့အူအနေဖြင့်ငါးဆယ်ကျပ်သား ရရှိပြီးပြန်ရောင်းဈေးနှုန်းမှာ(၁၀၀၀)ကျပ်နှုန်းရှိ၍ ( ၅၀၀၀ )ကျပ်ပြန်လည်၇ရှိပါသည်။ စုစုပေါင်းပြန် ရောင်းရငွေမှာ(၆၇၅၀)ကျပ်ပြန်လည်ရရှိပါသည်။ငါးရံ့ခြောက်တစ်ပိဿာကို အသင့်စားငါးရံ့ခြောက် ဖုတ်(၆၀)ကျပ်သားရရှိမှုအပေါ် တွက်ချက်တင်ပြရလျှင် ငါးရံ့ခြောက်တစ်ပိဿာကို( ၄ )ကျပ်သားဝင် ငါးခြောက်ဘူး(၁၅)ဘူးရရှိပြီး တစ်ဘူးလျှင်(၉၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချသည့်အတွက် အသား တင်အမြတ်အနေဖြင့် အသင့်စားငါးရံ့ခြောက်ဖုတ် (၆၀)ကျပ်သား ရောင်းပြီးတိုင် ပျှမ်းမျှ(၃၂၇၅၀)ကျပ် ကျန်ရှိပါသည်။ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် တစ်နှစ်လျှင် (၇)လတာလုပ်ရသောအလုပ်ဖြစ်၍( ၇ )လ အတွင်းငါးခြောက်ပိဿာချိန်( ၁၀၀ )ထုတ်လုပ်နိုင်ပြီး ငါးခြောက်ပိဿာချိန်( ၁၀၀ )အတွက် အသားတင် အမြတ်ငွေ ကျပ်သိန်း(၅၀)ကျော်ဝင်ငွေရှိကြောင်းသိရသည်။

      အသင့်စားငါးရံ့ခြောက်ဖုတ်အားကျိုက်လတ်မြို့နယ်နှင့်ပတ်ဝန်းကျင်မြို့များ၊ရန်ကုန်၊နေပြည်တော်မြို့ကြီးများ၊ Super  Market ၊  Mini  Market များသို့ ဖြန့်ဖြူးတင်ပို့ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်ဖုတ်လုပ်ငန်းသည် ကျိုက်လတ်မြို့၏ဒေသထွက်ကုန်ဖြစ်၍ လက်ဆောင်အဖြစ်ပေးခြင်းအတွက် အရောင်းသွတ်သောကုန်စည်လည်းဖြစ်ပါသည်။ ကျိုက်လတ်မြို့နယ်သည် ရေချိုဒေသဖြစ် ၍ရေထွက်ပစ္စည်းများထွက်ရှိရာ တန်ဖိုးမြှင့်ထုတ်ကုန်(Value  Added )ထုတ်လုပ်နိုင်ခြင်းအားဖြင့် ဈေးကွက်အရောက်တင်ပို့နိုင်ခြင်းနှင့် ဈေးကွက်ဝေစုရရှိခြင်းသည် ဒေသလုပ်ငန်းရှင်များ၏အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် အထောက်အပံ့ကောင်းများဖြစ်ပြီး ငါးရံ့ခြောက်ဖုတ်လုပ်ငန်းမှာ MSMEs ထုတ်ကုန်အမယ်သစ်အနေဖြင့် ပြည်တွင်း/ပြည်ပ ဈေးကွက်ဝေစုရရှိနိုင်သော အလားအလာကောင်း ထုတ်ကုန်ပစ္စည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)