အိမ်ခြံမြေတွင် စိုက်ပျိုးသော ကင်ပွန်းချဉ်ရွက် မှ ဝင်‌ငွေရ

Powered by Drupal

      မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးရွာခြံမြေ ခြံစီးရိုးများတွင် ကင်ပွန်းချဉ်အပင်စိုက်ပျိုး၍ မိသားစုများ အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။ ဓနုဖြူမြို့နယ်တွင် ချက်ပြုတ်စားသောက်၍လည်းရ၊ ဆေးဖက်လည်းဝင်သည့် ကင်ပွန်းချဉ်ပင်များကို တစ်နိုင်တစ်ပိုင် ပြုစုထိန်းသိမ်း စိုက်ပျိုးထားကြသည်။

     ကင်ပွန်းချဉ်ပင်များမှာ ဆူးရှိသော နွယ်လျှောက်ပင်ဖြစ်ကာ အစေ့ကိုပျိုး၍ လည်းကောင်း၊ ကိုင်းကူး၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ ကင်ပွန်းချဉ်ရွက်များမှာ ချဉ်သောအရသာရှိပြီး ငါးပိ၊ ငါးခြောက်တို့နှင့် ကြော်စားကြသကဲ့သို့ ချဉ်ရည်ဟင်းအဖြစ်လည်း နှစ်ခြိုက်စွာ ချက်ပြုတ်စားသောက်၍ရသည်။ ကင်ပွန်းသီးများကို ဆားရည်စိမ်၍ အစိမ်းသုပ်စားနိုင်ပြီး ကင်ပွန်းသီးခြောက်များကိုပြုတ်၍ ခေါင်းလျှော်ရည်အဖြစ်လည်း အသုံးပြုနိုင်သည်။ စိုက်ပျိုးရလွယ်ကူပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ခူးယူစားသုံးနိုင်သော အပင်ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုးကြလေ့ရှိကြောင်း ကင်ပွန်းချဉ်ပင်စိုက်ပျိုးသူတစ်ဦးက ပြောပြသည်။

     ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း နိုဝင်ဘာလ ပထမပတ်ဈေးနှုန်းအနေဖြင့်  ကင်ပွန်းချဉ် ၁စီးလျှင် ၅၀၀-၇၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကင်ပွန်းချဉ်ကို စီးပွားဖြစ်စိုက်ပျိုးခြင်းများ မရှိပဲ၊ ကျေးရွာများ၏ မြေလွတ်များတွင် စိုက်ပျိုးကာ ထွက်ရှိမှုမှ ဒေသတွင်စားသုံမှုအတွက်ဖူလုံကြောင်း၊ ဓနုဖြူမြို့နယ်ကဲ့သို့ ဧရာဝတီတိုင်းတွင်းဒေသကျေးရွာများမှလည်း ယခုကဲ့သို့ စိုက်ပျိုးခြင်းများ များပြားကြောင်း  ကင်ပွန်းချဉ်ပင်များကို စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ  မိသားစုအပိုဝင်ငွေရရှိနိုင်ကြောင်းလည်း  သိရသည်။

DOCA(ဧရာဝတီ)