BRICS အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်းငွေကြေးအသုံးပြုမှုမြှင့်တင်ရန် တိုက်တွန်းလိုက်သည့် အင်ဒိုနီးရှား

Powered by Drupal

             အင်ဒိုနီးရှားဗဟိုဘဏ် (BI) က ပထဝီနိုင်ငံရေးအန္တရာယ်များနှင့် ကမ္ဘာ့ဈေးကွက်များ အစိတ်စိတ်အမွှာမွှာဖြစ်လာမှုများမှ ဒေသတွင်းစီးပွားရေးများကို ကာကွယ်နိုင်ရန်အတွက် BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်းငွေကြေးများအသုံးပြုသည့် ငွေပေးချေမှု (LCT) ကို အရှိန်မြှင့်ဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်များချိတ်ဆက်မှုကို ပိုမိုမြှင့်တင်ရန် တိုက်တွန်းလိုက်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် စက်တင်ဘာ ၉ ရက်မှ ၁၀ ရက်အထိကျင်းပသည့် ဒုတိယအကြိမ် BRICS ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (BRICS FMCBG) တွင် အင်ဒိုနီးရှားဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Destry Damayanti က ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာနေသည့်အချိန်၌ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် တိုးတက်မှုအတွက်အရင်းအမြစ်အသစ်များဖော်ထုတ်ရန်လိုအပ်ကြောင်း ပြောကြား ခဲ့ပါသည်။ BRICS အနေဖြင့် စိန်ခေါ်မှုအမျိုးမျိုးကို အပြန်အလှန်ခံနိုင်ရည်ရှိမှုအဖြစ် ပြောင်းလဲ နိုင်ရန် မဟာဗျူဟာမြောက်အခွင့်အလမ်းရှိနေကြောင်းနှင့် ယင်းအတွက် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်နှင့် အမျိုးသားဦးစားပေးများကို ထည့်သွင်းစဉ်းစားလျက် ဒေသတွင်း ငွေကြေးအသုံးပြုသည့် ငွေပေးချေမှုနှင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ် ချိတ်ဆက်မှုတို့ အပါအဝင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစွာအားပေးရန်လိုကြောင်း Damayanti က စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ပြောကြားခဲ့ ပါသည်။ အစည်းအဝေးပြင်ပတွင် Damayanti သည် အိန္ဒိယဗဟိုဘဏ် (RBI) အုပ်ချုပ်ရေးမှူး Sanjay Malhotra နှင့်တွေ့ဆုံ၍ အင်ဒိုနီးရှားနှင့် အိန္ဒိယအကြား ဘဏ္ဍာရေးပေါင်းစည်းမှုကို ပိုမိုမြန်ဆန်စေရေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံအကြား ဒေသတွင်းငွေကြေး အသုံးပြုသည့် ငွေပေးချေမှုမူဘောင်ကိုတိုးချဲ့ရန်၊ နှစ်နိုင်ငံကြား ဒေသတွင်းငွေကြေးအခြေပြု နှစ်နိုင်ငံငွေကြေးလဲလှယ်ရေးသဘောတူညီချက် (LCBSA) တည်ထောင်ရန်နှင့် နယ်စပ်ဖြတ်ကျော် QR ကုဒ်ငွေပေးချေမှုစနစ်များ ချိတ်ဆက်ရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
ယင်းနှစ်နိုင်ငံဆွေးနွေးမှုသည် BRICS အဖွဲ့၏ ကတိကဝတ်များကို လက်တွေ့ကျသော စီးပွားရေး နှင့် ဘဏ္ဍာရေးဆိုင်ရာချိတ်ဆက်မှုများအဖြစ် အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးပါ သောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း အင်ဒိုနီးရှားဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား ဘက်မှ ဘဏ္ဍာရေးဝန်ကြီး ဒုတိယဝန်ကြီး Juda Agung ကလည်း Damayanti နှင့်အတူ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါအဆင့်မြင့်အစည်းအဝေးသို့ အင်ဒိုနီးရှား၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အီသီယိုးပီးယားနှင့် အီရန်တို့အပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံများမှ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများနှင့် ဘဏ္ဍာရေးဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။ အစည်းအဝေးအပြီးတွင် အဖွဲ့ဝင်နိုင်ငံများက ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဉာဏ်ရည်တု (AI)၊ ဆိုက်ဘာလုံခြုံရေးခံနိုင်ရည်ရှိမှု၊ ရေရှည်တည်တံ့သောဘဏ္ဍာရေးစနစ်နှင့် ဒေသတွင်း ငွေကြေးအသုံးပြုမှုတို့တွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်၍ ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကိုဖြေရှင်းသွားရန် ဘုံကတိကဝတ်များပါဝင်သည့် ပူးတွဲကြေညာချက်တစ်ရပ်ကို အတည်ပြုခဲ့ကြကြောင်း သိရပါသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏အသံနှင့် ကိုယ်စားပြုမှု ပိုမို ပါဝင်လာစေရေးအတွက် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးအပါအဝင် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ဖွဲ့စည်းပုံကို ပိုမိုကျယ်ပြန့်စွာပြုပြင် ပြောင်းလဲရန် BRICS အဖွဲ့က ထပ်မံအတည်ပြုခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးအခြေအနေများ ပိုမိုကွဲပြားလာနေသည့်အခြေအနေတွင် ဆွေးနွေးညှိနှိုင်းမှုများကို မြှင့်တင်ပြီး နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများအတွက် ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ရန်လိုအပ်ကြောင်း အင်ဒိုနီးရှားဗဟိုဘဏ်က အလေးပေးပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားအစိုးရနှင့် ဗဟိုဘဏ်တို့ပူးပေါင်း၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် များတွင်ဆက်လက်ပါဝင်ကာ အမျိုးသားဦးစားပေးများနှင့်ကိုက်ညီပြီး ရေရှည်စီးပွားရေးနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကိုအားကောင်းစေမည့် အားလုံးပါဝင်နိုင်သော လက်တွေ့ကျသည့် ရလဒ် များရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

  DOCA (ရန်ကုန်)