
BRICS အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍ ပိုမိုခိုင်မာစေရေးအတွက် အင်ဒိုနီးရှားကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Kadin) ဥက္ကဋ္ဌ Anindya Novyan Bakrie က အချက်သုံးရပ်အဆိုပြုလိုက်ကြောင်း သိရပါသည်။ အဆိုပါအချက် များမှာ ကုမ္ပဏီများနှင့် ကျွမ်းကျင်လုပ်သားများ နယ်စပ်ဖြတ်ကျော်သွားလာလုပ်ကိုင်နိုင်ရေး လွယ်ကူချောမွေ့စေရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ ငွေပေးချေမှုစနစ်များ အပြန်အလှန်ချိတ်ဆက် အသုံးပြုနိုင်ရေးမြှင့်တင်ရန်နှင့် ဝန်ဆောင်မှုကုန်သွယ်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်တို့ဖြစ်ကြောင်း သိရပါသည်။ Bakrie က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ စက်တင်ဘာ ၁၁ ရက်က ကျင်းပသည့် BRICS Business Forum 2026 တွင် ယင်းအဆိုပြုချက်များကိုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ပထမအချက်အနေဖြင့် BRICS Business Council သည် စီးပွားရေးလုပ်ငန်းများရင်ဆိုင်နေရသည့် နယ်စပ်ဖြတ်ကျော် လုပ်ငန်းဆိုင်ရာအခက်အခဲများကိုဖော်ထုတ်၍ အစိုးရများထံ ဖြေရှင်းရေးအဆိုပြုချက်များ တင်ပြ သင့်ကြောင်း Bakrie က ပြောကြားခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်အရည်အချင်းများ အပြန်အလှန် အသိအမှတ်ပြုရေးနှင့် စီးပွားရေးခရီးသွားလာမှု လုပ်ထုံးလုပ်နည်းများ ရိုးရှင်းစေရေးအပြင် BRICS Business Travel Card စနစ်ထူထောင်ရေးကိုလည်း အဆိုပြုခဲ့ကြောင်း သိရပါသည်။ ဒုတိယ အချက်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များချိတ်ဆက်ပြီး နယ်စပ် ဖြတ်ကျော်ငွေပေးချေမှုများ မြန်ဆန်၊ ကုန်ကျစရိတ်သက်သာပြီး ထိရောက်စေရန် ဆောင်ရွက် သင့်ကြောင်း ၎င်းကဆိုပါသည်။ အိန္ဒိယ၊ ဘရာဇီးနှင့် တရုတ်တို့၏ အချိန်နှင့်တစ်ပြေးညီ ငွေပေးချေမှုစနစ်များကို အပြန်အလှန်ချိတ်ဆက်အသုံးပြုနိုင်ရေးနှင့် သင့်လျော်သည့်အခြေအနေတွင် ဒေသတွင်းငွေကြေးအသုံးပြုမှု တိုးမြှင့်ရေးတို့ကိုလည်း အလေးပေးပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေးဆိုင်ရာအချုပ်အခြာအာဏာရှိခြင်းသည် ဘဏ္ဍာရေးအရသီးခြားခွဲထွက်နေခြင်းကို ဆိုလို ခြင်းမဖြစ်သင့်ကြောင်း Bakrie က ပြောကြားခဲ့ပါသည်။ တတိယအချက်အနေဖြင့် ဝန်ဆောင်မှု ကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်သားကျွမ်းကျင်မှုမြှင့်တင်ရေး၊ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) က ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးချနိုင်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ BRICS Business Council ၏ နိုင်ငံအလိုက်ဌာနခွဲများအနေဖြင့် လုပ်သားလေ့ကျင့်ပေးမှုအတွက် နှစ်စဉ်တိုင်းတာနိုင်သောရည်မှန်းချက်များ သတ်မှတ်သင့်ပြီး New Development Bank ကလည်း ဒစ်ဂျစ်တယ်ကွန်ရက်များနှင့် လေ့ကျင့်ရေးအစီအစဉ် များအတွက် ငွေကြေးထောက်ပံ့နိုင်ကြောင်း ၎င်းကဆိုပါသည်။ Bakrie ကအင်ဒိုနီးရှားကဲ့သို့ BRICS အဖွဲ့ဝင်အသစ်များအနေဖြင့် ယခင်အဖွဲ့ဝင်နိုင်ငံများ၏ ထုတ်ကုန်များနှင့် ကုမ္ပဏီများ အတွက် ဈေးကွက်အဖြစ်သာရပ်တည်မည့်အစား BRICS ၏ စီးပွားရေးအစီအစဉ်များကို ပုံဖော် ရာတွင် တက်ကြွစွာပါဝင်သင့်ကြောင်းနှင့် BRICS ၏ စစ်မှန်သော စီးပွားရေးပေါင်းစည်းမှုသည် အဖွဲ့ဝင်နိုင်ငံများရှိ အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် BRICS စီးပွားရေး ကွန်ရက်မှတစ်ဆင့် ဖောက်သည်များရှာဖွေခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် ငွေပေးချေမှုများ လက်ခံ နိုင်သည့် စီးပွားရေးစနစ်တစ်ရပ် ဖြစ်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
