Brebes ခရိုင်မှ ကြက်သွန်နီများကို ထိုင်းနိုင်ငံသို့တင်ပို့ခဲ့သည့် အင်ဒိုနီးရှား

Powered by Drupal

                              အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းဂျာဗားပြည်နယ် Brebes ခရိုင်မှ ကြက်သွန်နီများကို ထိုင်းနိုင်ငံသို့တင်ပို့နိုင်ခြင်းဖြင့် ပြည်တွင်းဝယ်လိုအားပြည့်မီပြီးနောက် တောင်သူများအတွက် ဈေးကွက်အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာကြောင်း စားနပ်ရိက္ခာရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီး Zulkifli Hasan က ပြောကြားခဲ့ပါသည်။ Brebes ခရိုင်ရှိ ထိန်းချုပ်လေထုသိုလှောင်ရုံ (CAS) မှ ထိုင်းနိုင်ငံသို့ ကြက်သွန်နီများတင်ပို့ရန်စီစဉ်မှုကို ကြည့်ရှုစစ်ဆေးစဉ် ဝန်ကြီး Hasan က ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီဖြစ်သဖြင့် ထုတ်လုပ်မှုတိုးမြှင့်ကာ ဈေးကွက်ပိုမိုချဲ့ထွင် ရန်နှင့် တောင်သူများပိုမိုကောင်းမွန်သည့်ဈေးနှုန်းရရှိစေရန် ရည်ရွယ်ထားကြောင်းပြောကြား ခဲ့ပါသည်။ Brebes သည် အင်ဒိုနီးရှား၏ အဓိကကြက်သွန်နီထုတ်လုပ်ရာဒေသတစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်းထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်နှင့် အလယ်ပိုင်းဂျာဗားပြည်နယ်၏ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရပါသည်။ ဒေသအတွင်း နှစ်စဉ်ကြက်သွန်နီ စိုက်ဧကမှာ ဟက်တာ ၃၀,၀၀၀ မှ ၃၅,၀၀၀ အထိရှိပြီး တစ်နှစ်လျှင် တန်ချိန် ၃၀၀,၀၀၀ မှ ၃၅၀,၀၀၀ ခန့် ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။။ Brebes ကြက်သွန်နီများကို ထိုင်းနိုင်ငံအပြင် ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရပါသည်။ ပို့ကုန် ဈေးကွက်ချဲ့ထွင်ရာတွင် ပြည်တွင်းထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်မှုကို ထည့်သွင်းစဉ်းစားရန် လိုကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ ထုတ်လုပ်မှုတိုးမြှင့်ပြီးနောက် ဈေးကွက်မရှိသည့် အခြေအနေမျိုးမဖြစ်ပေါ်စေရန် အစိုးရက ပြည်တွင်းနှင့် ပြည်ပဈေးကွက်များရရှိနိုင်ရေး ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ၎င်းကအလေးပေးပြောကြားခဲ့ပါသည်။ အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) ၏ စားနပ်ရိက္ခာဟန်ချက်ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ကြက်သွန်နီထုတ်လုပ်မှုမှာ တန်ချိန် ၁.၃၂ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ပြည်တွင်းစားသုံးမှု လိုအပ်ချက်မှာ တန်ချိန် ၁.၂၅ သန်းခန့်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ကြက်သွန်နီထုတ်လုပ်မှု တန်ချိန် ၁.၄၃ သန်းရှိခဲ့ပြီး စားသုံးမှုမှာ တန်ချိန် ၁.၂၃ သန်းခန့်သာ ရှိသဖြင့် ပိုလျှံထွက်ရှိခဲ့ကြောင်း သိရပါသည်။ ထိုပိုလျှံမှုမှတစ်ဆင့် ကြက်သွန်နီတန်ချိန် ၁,၅၆၀ ကို နိုင်ငံတကာဈေးကွက်များသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အစိုးရသည် အမျိုးသား အာဟာရအေဂျင်စီ (BGN) မှ အကောင်အထည်ဖော်သည့် အခမဲ့အာဟာရပြည့်ဝအစားအစာ (MBG) အစီအစဉ်အတွက် တောင်သူများထံမှထွက်ရှိသည့်ကြက်သွန်နီများဝယ်ယူအသုံးပြုရေးဆောင်ရွက်လျက်ရှိရာပြည်တွင်းဈေးကွက်ခိုင်မာစေရန် အထောက် အကူပြုမည်ဖြစ်ကြောင်း သိရပါသည်။ ဈေးကွက်ချဲ့ထွင်ခြင်းအပြင် မျိုးစေ့အရည်အသွေး မြှင့်တင်ရေးနှင့် ကြက်သွန်နီအထွက် နှုန်းတိုးမြှင့်ရေးတို့ကိုလည်းဆောင်ရွက်နေပြီး ပြည်ပမှမျိုးစေ့တင်သွင်းအသုံးပြုရမှု လျှော့ချရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်းစဉ်များသည် ပြည်တွင်းနှင့် ပြည်ပဈေးကွက်များကသတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီသောကြက်သွန် နီများထုတ်လုပ်နိုင်ရေး အထောက်အကူပြုရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

  DOCA (ရန်ကုန်)