
အင်ဒိုနီးရှားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ရန်နှင့် ဥရောပသမဂ္ဂ (EU) ဈေးကွက်သို့ အင်ဒိုနီးရှား ကုန်ပစ္စည်းများဝင်ရောက်နိုင်ရေးအတွက် ဘူလ်ဂေးရီးယားကို မဟာဗျူဟာမြောက် ဝင်ပေါက်တစ်ခုအဖြစ်အသုံးချရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso နှင့် ဘူလ်ဂေးရီးယား ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဝန်ကြီး Alexander Poulev တို့ ဂျကာတာမြို့၌ စက်တင်ဘာ ၁၄ ရက်က တွေ့ဆုံ ဆွေးနွေးစဉ် ယင်းကဲ့သို့အတည်ပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မြောက်သည့်အခြေအနေတွင် နှစ်နိုင်ငံအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်မြှင့်နိုင်မည်ဟု ဝန်ကြီး Budi က ပြောကြားခဲ့ ပါသည်။ ထို့ပြင် အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (IEU-CEPA) ကို ၂၀၂၇ ခုနှစ် အစောပိုင်းတွင် စတင်အသက်ဝင်နိုင်ရန်ဆောင်ရွက်နေမှုကို ဘူလ်ဂေးရီးယားဘက်ကအထောက်အပံ့ပြုရန် ဝန်ကြီး Budi က တောင်းဆိုခဲ့ကြောင်း သိရပါ သည်။ ဘူလ်ဂေးရီးယားဒုတိယဝန်ကြီးချုပ် Poulevကလည်း IEU-CEPA မူဘောင်အရ စီးပွားရေး ဆက်ဆံမှုများတိုးချဲ့ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂ၏ အရှေ့ပိုင်းတွင်တည်ရှိသည့် ဘူလ်ဂေးရီးယားသည် လူဦးရေ သန်း ၄၅၀ ခန့်ရှိသော EU ဈေးကွက်သို့ အင်ဒိုနီးရှားကုမ္ပဏီများ ဝင်ရောက်နိုင်ရေးအတွက် ဝင်ပေါက်တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ကြောင်း Poulev က ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတိုးချဲ့နိုင်သည့် အလားအလာများစွာကျန်ရှိနေသေးပြီး စိုက်ပျိုးရေး၊ မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် ဟာလာလ် အသိအမှတ်ပြုအသားထုတ်ကုန်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုပူးတွဲကော်မရှင် (JEC) ကို ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်အတွင်း ပြန်လည်အသက်သွင်း ရန် Poulev က အဆိုပြုခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် ဘူလ်ဂေးရီးယား နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၀.၈ သန်းရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၆၄.၂ သန်း ကုန်သွယ်ရေးပိုငွေရရှိခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ ဘူလ်ဂေးရီးယားနိုင်ငံသို့ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၇.၄ သန်းရှိပြီး နီကယ်သတ္တုရိုင်း၊ မပြုပြင်ရသေးသည့် အလူမီနီယမ်၊ သံမဏိထုတ်ကုန်များနှင့် margarine တို့ အဓိကပါဝင်ကြောင်း သိရပါသည်။ ဘူလ်ဂေးရီးယားမှ အင်ဒိုနီးရှားသို့ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၈၃.၁ သန်းရှိပြီး ဂျုံ၊ ဆေးဘက်ဆိုင်ရာကိရိယာများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ မပြုပြင်ရသေးသည့် ဆေးရွက်ကြီးနှင့် ကာကွယ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
