
အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က အင်ဒိုနီးရှား-သီရိလင်္ကာ အထူးအခွန် သက်သာခွင့်ကုန်သွယ်ရေးသဘောတူညီချက် (ISL-PTA) ဆိုင်ရာ ဆွေးနွေးမှုများကို တတိယ အကြိမ်ဆက်လက်ပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဝန်ကြီး Budi သည် သီရိလင်္ကာ အလုပ်သမားဝန်ကြီးနှင့် ဒုတိယဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး Anil Jayantha Fernando နှင့် ဂျကာတာမြို့၌ စက်တင်ဘာလ ၁၆ ရက်နေ့ကတွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေး နည်းလမ်းများနှင့် ISL-PTA ဆွေးနွေးမှုများရှေ့ဆက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရ ပါသည်။ အဆိုပါသဘောတူညီချက်မှတစ်ဆင့် သီရိလင်္ကာဈေးကွက်သို့ အင်ဒိုနီးရှားကုန်ပစ္စည်းများ ပိုမိုဝင်ရောက်နိုင်မည်ဖြစ်သဖြင့် တောင်အာရှဈေးကွက်အတွင်း ပို့ကုန်အခွင့်အလမ်းများ တိုးချဲ့နိုင်မည်ဟု Budi က ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် သဘောတူညီချက်တစ်ရပ်ဖြစ်လာမည်ဟုလည်း ၎င်းကမျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားနှင့် သီရိလင်္ကာတို့သည် ISL-PTA ဆွေးနွေးမှုများကို ၂၀၂၄ ခုနှစ် မတ် ၁၄ ရက်တွင် စတင်ခဲ့ပြီး ပထမအကြိမ်ဆွေးနွေးပွဲကို ဧပြီ ၃ ရက်နှင့် ၄ ရက်တွင် အွန်လိုင်းမှ ကျင်းပခဲ့ကြောင်း သိရပါသည်။ ဒုတိယအကြိမ်ဆွေးနွေးပွဲကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တွင်ကျင်းပခဲ့ကြောင်း သိရပါသည်။ Fernando က သီရိလင်္ကာနိုင်ငံအနေဖြင့် ဆွေးနွေးမှုလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ISL-PTA ကို ပြည်တွင်း၌ပြန်လည်သုံးသပ်နေကြောင်း ပြောကြားပြီး အဆိုပါလုပ်ငန်းစဉ်ကို အမြန်ဆုံးအပြီးသတ်ကာ ပိုမိုပွင့်လင်းပြီး ခိုင်မာသည့် နှစ်နိုင်ငံကုန်သွယ်ရေးဆက်ဆံမှုများ ဖော်ဆောင်နိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် သီရိလင်္ကာနိုင်ငံက ပြည်တွင်းလိုအပ်ချက်ဖြည့်ဆည်းရန် အင်ဒိုနီးရှားနိုင်ငံမှ ဓာတ်မြေဩဇာများတင်သွင်းရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပါသည်။ ယင်းအတွက် သီရိလင်္ကာ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် Trade Expo Indonesia (TEI) 2026 သို့ တက်ရောက်စဉ် အင်ဒိုနီးရှားဓာတ်မြေဩဇာလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှာဖွေရန် Budi က အကြံပြုခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၆ သန်းရှိပြီး အင်ဒိုနီးရှား၏ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၂၄၄ သန်းနှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂ သန်းရှိကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၃၀.၂ သန်းရှိခဲ့ပြီး အင်ဒိုနီးရှား ၏ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇၆.၇ သန်းနှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၃.၅ သန်းရှိခဲ့သဖြင့် အင်ဒိုနီးရှားနိုင်ငံက ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၄၂၃ ဒသမ ၁ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ သီရိလင်္ကာသို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများတွင် အုန်းခြောက်၊ ခရီးသည်တင်မော်တော်ယာဉ်များ၊ သံနှင့် သံမဟုတ်သည့် သံမဏိ တစ်ပိုင်းထုတ်ကုန်များ၊ စက်မှုသုံး monocarboxylic အက်ဆစ်များ၊ အက်ဆစ်ဆီများ၊ စက်မှုသုံး fatty alcohol များနှင့် ဆေးရွက်ကြီးကုန်ကြမ်းနှင့် ဆေးရွက်ကြီးအကြွင်းအကျန်များ ပါဝင်ကြောင်း သိရပါသည်။ သီရိလင်္ကာမှ အင်ဒိုနီးရှားသို့ အဓိကတင်သွင်းသည့်ကုန်ပစ္စည်းများမှာ ချည်ထည်နှင့် ချည်မျှင်ထည်များ၊ bituminous သတ္တုများမှ ရရှိသည့် ရေနံနှင့် ဆီများ၊ ဆေးရွက်ကြီးပြုပြင်ထုတ်လုပ်သည့် စက်ပစ္စည်းများနှင့် တာယာအမျိုးမျိုးတို့ဖြစ်ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
