ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် အင်ဒိုနီးရှားနှင့် ကနေဒါ

Powered by Drupal

          အင်ဒိုနီးရှားနှင့် ကနေဒါနိုင်ငံတို့သည် အင်ဒိုနီးရှား-ကနေဒါ ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက် (ICA-CEPA) ကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အသက်ဝင် နိုင်ရန် အကောင်အထည်ဖော်ရေးဆိုင်ရာပြင်ဆင်မှုများကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သိရ ပါသည်။ အင်ဒိုနီးရှား စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ကနေဒါ နိုင်ငံ တိုရွန်တိုမြို့၌ကျင်းပသည့် Canada Investment Summit တွင် ကနေဒါနိုင်ငံ အပြည်ပြည် ဆိုင်ရာကုန်သွယ်ရေးဝန်ကြီး Maninder Sidhu နှင့် စက်တင်ဘာ ၁၆ ရက်က တွေ့ဆုံပြီးနောက် နှစ်နိုင်ငံအနေဖြင့် သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အကောင်းမြင် ထားကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် ICA-CEPA သည် မြောက်အမေရိကဒေသတွင် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ကနေဒါနိုင်ငံသို့ အင်ဒိုနီးရှား ၏ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁.၈ ဘီလီယံအထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ သဘောတူညီချက်အရ ကနေဒါနိုင်ငံသည် အင်ဒိုနီးရှားကုန်ပစ္စည်းများ အတွက် အခွန်စည်းကြပ်မှုလိုင်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အခွန်လျှော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုလုပ်မည်ဖြစ်ပြီး အင်ဒိုနီးရှားဘက်မှလည်း ကနေဒါကုန်ပစ္စည်းများအတွက် အခွန်စည်းကြပ်မှုလိုင်းများ၏ ၈၆ ရာခိုင်နှုန်းနီးပါးကို အခွန်လျှော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်မှစ၍ နှစ်စဉ်ပျမ်းမျှ ၉.၁၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမခြောက်လတွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံရှိကာ ယခင်နှစ်အလားတူကာလထက် ၁၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ICA-CEPA အောက်တွင် အစဉ်အလာကုန်ပစ္စည်းကုန်သွယ်မှုများအပြင် အရေးပါသတ္တုများကို တန်ဖိုးမြှင့်ထုတ်လုပ်ရေး၊ သန့်ရှင်းစွမ်းအင်၊ စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်လုပ်ရေး၊ ရေရှည်တည်တံ့သောငါးလုပ်ငန်း၊ အခြေခံအဆောက်အအုံနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ သဘောတူညီချက်စတင်အသက်ဝင်မီ နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုများကို နှစ်နိုင်ငံ အစိုးရများက ဖြေရှင်းဆောင်ရွက်နေပြီး စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ အလုပ်သမားရေးရာနှင့် ရေရှည်တည်တံ့ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုက်ညီစေရေးအပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (MSMEs) ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်နေကြောင်း Airlangga က ပြောကြားသည်။ ICA-CEPA အကောင်အထည် ဖော်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများရရှိစေရန် အင်ဒိုနီးရှားနှင့် ကနေဒါတို့၏ပူးပေါင်းဆောင်ရွက်မှုကို ယခုတွေ့ဆုံမှုက ထပ်မံအတည်ပြုခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)