ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ၄၀ ရာခိုင်နှုန်းပါဝင်သည့် ဇီဝဒီဇယ်ဆီအစီအစဉ်ကို ၂၀၂၅ ဇန်နဝါရီ ၁ ရက်တွင် စတင်မည်

     အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ၄၀ ရာခိုင်နှုန်း ရောနှောအသုံးပြုသည့် ဇီဝဒီဇယ်အသုံးပြုမှု (B40) ကို အစိုးရ၏ ဇီဝဒီဇဘ်ဆီ အစီအစဉ်ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု စီးပွားရေးရာ ညှိနှိုင်း ရေးဝန်ကြီး Mr. Airlangga Hartarto ၏ ပြောကြားချက်ကို အင်ဒိုနီးရှား Tempo.co မဂ္ဂဇင်းဌာနက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖော်ပြထားသည်။

     ဝန်ကြီး Airlangga က စားအုန်းဆီ ၄၀ ရာခိုင်နှုန်းရောနှောပါဝင်သည့် ဇီဝဒီဇယ် B40 အစီ အစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ရန် သေချာပါကြောင်း၊ စားအုန်းဆီ စျေးနှုန်းများ မကြာသေးမီကပင် မြင့်တက်လာနေသော်လည်း ယခု B40 အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်နိုင်ပါကြောင်း၊ စားအုန်းဆီဈေးမြင့်တက်မှုကြောင့် ဈေးနှုန်းကွာခြားမှုရှိလာ ပါကလည်း အင်ဒိုနီးရှား ဆီအုန်းစိုက်ပျိုးရေးရန်ပုံငွေ စီမံခန့်ခွဲမှုအေဂျင်စီ (BPDPKS) က ငွေကြေး ထောက်ပံ့လျက် ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     ယခု B40 အစီအစဉ်က လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန်ဟူသည့် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှုကို အောင်အောင်မြင်မြင်နှင့် ပံ့ပိုးပေးနေ ကြောင်း၊  ထို့အပြင် ယခုအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတ Mr. Prabowo Subianto က ဆောင်ရွက်လိုသည့် အဓိကအစီအစဉ်များဖြစ်သော စားနပ်ရိက္ခာဖူလုံရေး၊ စားနပ်ရိက္ခာ ပြည့်စုံ ကြွယ်ဝရေး၊ စွမ်းအင်ဖူလုံရေ နှင့်  ရာသီဥတု၊ သဘာဝသစ်တောနှင့် သားရဲတိရစ္ဆာန်များ ပြုန်းတီး မှုကိုဖြစ်ပေါ်စေသည့် အလွန်အကျွံ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ (အထူးသဖြင့် စားအုန်းဆီ အမြောက်အများထုတ်လုပ်မှု) လျှော့ချရေးကဏ္ဍတို့အတွက် တစ်စိတ်တစ်ပိုင်း တစ်ခုအဖြစ် ပါဝင်နေကြောင်း ဝန်ကြီး Mr. Airlangga က ပြောကြားသည်။

      B40 အကောင်အထည်ဖော်ခြင်းက စားအုန်းဆီကြမ်း (CPO) အသုံးပြုမှုကို မြင့်တက်စေပြီး လောင်စာဆီကဏ္ဍအတွက် ကုန်ကြမ်းပစ္စည်းအဖြစ် တိုးမြှင့်အသုံးပြုမည်ဖြစ်သည့်အတွက် အစော ပိုင်းကာလများတွင် စားအုန်းဆီကြမ်းလိုအပ်ချက်များရှိခဲ့ကြောင်း၊ သို့သော် လက်ရှိအချိန်တွင် B40 အစီအစဉ်အတွက် လိုအပ်သော စားအုန်းဆီကြမ်းပမာဏကို ဖြည့်ဆည်းရန် လုံလောက်မှုရှိနေ ကြောင်း ဝန်ကြီး Mr. Airlangga က ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: Tempo.co, 30th November, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပါကစ္စတန်ထံမှ တင်သွင်းသည့်ဆန်အပေါ် စည်းကြပ်သည့်အခွန်နှုန်းထား မလေးရှားပြင်ဆင်မည်

     မလေးရှားနိုင်ငံအနေဖြင့် ပါကစ္စတန်ဆန်များ တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းများကို အခြားပင်ရင်း‌ဒေသများမှ တင်သွင်းသည့်ဆန်များအပေါ် စည်းကြပ်သော အခွန်နှုန်းများနှင့် အညီ ပြန်လည်ပြင်ဆင်ရန် သဘောတူညီခဲ့သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ရုံး၏ နိုဝင်ဘာ ၃၀ ရက် နေ့၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပါသည်။

     ယခုနှစ် အောက်တိုဘာလအတွင်း ပါကစ္စတန်နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်၌ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim အား လက်ခံတွေ့ဆုံဆွေးနွေးခဲ့ရာတွင် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များစွာကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif အနေ ဖြင့် ကျေနပ်အားရမှုရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ မည်သည့် ကုန်သွယ်ရေး ဆိုင်ရာ ပြဿနာရပ်များအား ဖြေရှင်းနိုင်ခဲ့သည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း အဆိုပါခရီးစဉ်၌ ပါကစ္စတန်ထံမှ ဆန်တန်ချိန် ၁၀၀၀၀၀ နှင့် ဟာလာအသားများကို တင်သွင်းရန် စိတ်ဝင်စားကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ပါကစ္စတန်ဘက်ကမူ မလေးရှား ၏ အကောက်ခွန်နှုန်းထားမြင့်မားမှုက ပါကစ္စတန်ဆန်၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို နည်းပါး စေပြီး အထူးသဖြင့် အိန္ဒိယထံမှ တင်သွင်းသောဆန်များနှင့် ယှဉ်ပြိုင်နိုင်မှုမရှိကြောင်း အလေးပေး ပြောဆိုထားခြင်းဖြစ်သည်။

     လွန်ခဲ့သော အောက်တိုဘာလအတွင်း အိန္ဒိယမှ တင်ပို့သော ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင် သည့် ဆန်ဈေးနှုန်းသည် ၁ တန်လျှင် ၄၄၄ ဒေါ်လာမှ ၄၄၈ ဒေါ်လာ အတွင်းရှိနေချိန်တွင် ပါကစ္စတန်မှ တင်ပို့သော အလားတူဆန်၏ ဈေးနှုန်းမှာ ၁ တန်လျှင် ၄၆၃ ဒေါ်လာမှ ၄၆၇ ဒေါ်လာ နှုန်းထားအတွင်း၌ ရှိနေခဲ့သည်။

     နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခဲ့ရာ၌ ပါကစ္စတန် ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့၏ ဆန် အတွက် မြင့်မားသော ဈေးနှုန်းများ တောင်းဆိုလျက်ရှိသဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းဆိုင်ရာ စိန်ခေါ်မှုဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု မလေးရှားအစိုးရအရာရှိများက ညွှန်ပြပြောဆိုခဲ့ကြသည်။

     ပါကစ္စတန် ဝန်ကြီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်၌ နှစ်နိုင်ငံဆက်ဆံရေးတွင် အပြု သဘောဆောင်သည့် တိုးတက်ဖြစ်ထွန်းမှုများ အပေါ် ဝန်ကြီးချုပ် Shehbaz က အားရမှုရှိကြောင်း၊ ပါကစ္စတန်အနေဖြင့် နှစ်ဘက်အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းနယ်ပယ်များအားလုံး တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာစေရေး ကတိကဝတ်ထားရှိမှုကို ထပ်လောင်း အတည်ပြုကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် အဓိကကျသည့် လုပ်ငန်းကဏ္ဍများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြ ထားသည်။

     နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံတိုးမြှင့်ရန်အတွက် ပါကစ္စတန်ဝန်ကြီးချုပ်Shehbaz သည် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Ishaq Dar လိုက်ပါလျက် ရှေ့ လာမည့် နှစ်ဆန်းပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ တရားဝင်ခရီး သွားရောက်ဖွယ် ရှိကြောင်း သိရှိရသည်။

Source: Dawn, 1 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

သီရိလင်္ကာနိုင်ငံ၌ ရေကြီးမှုကြောင့် ဆန်စပါးထုတ်လုပ်မှု ထိခိုက်

     ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ဆန်စပါးထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရင်ဆိုင်ရဖွယ်ရှိရာ လာမည့်လများတွင် စားသုံးသူများ ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake က အသေးစားနှင့် အလတ်စား ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ပြောကြားခဲ့ကြောင်း သမ္မတအိမ်တော် သတင်း ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

      သီရိလင်္ကာနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စပါးအများဆုံးစိုက်ပျိုးရာ ခရိုင်များ ဖြစ်သော Ampara နှင့် Anuradhapura ဒေသများ အပါအဝင် စပါးစိုက်ဧရိယာ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော်သည် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် သမ္မတအနေဖြင့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။

       ဆန်ဈေးနှုန်းများကျဆင်းရေး ဆောင်ရွက်မည်ဟု ကတိပြုထားသော သမ္မတ Dissanayake ၏ အစိုးရသစ်လက်ထက်တွင် ဆန်ဈေးနှုန်းများ ကြီးမြင့်လာမှုနှင့်စပ်လျဉ်း၍ လူထု၏ ဝေဖန် ပြစ်တင်မှုများ စတင်ဖြစ်ပေါ်လာခဲ့ကြောင်း သီရိလင်္ကာသတင်းမီဒီယာများက ဖော်ပြလျက်ရှိကြ သည်။          လုပ်ငန်းရှင်များတွင်တွေ့ဆုံရာတွင် လာမည့်လများအတွင်း စားသုံးသူများသို့ ဈေးနှုန်း သက်သာစွာဖြင့် ဆန်များထောက်ပံ့ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် သမ္မတက အလေးပေးပြောကြားခဲ့ပြီး၊ အဆိုပါရည်မှန်းချက်ကိုပြည့်မီရန်အတွက် လက်ငင်းအကောင်အထည် ဖော်ရန် လိုအပ်သည့်အစီအမံများအား ခွဲခြားသတ်မှတ် ဆောင်ရွက်ခြင်းကို လုပ်ငန်းရှင်များနှင့် အတူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါသည်။

         အဆိုပါ ဆွေးနွေးပွဲတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်ရေး၊ ဆန်ပြတ်လပ်မှု ဖြစ် ပေါ်ခြင်းမှကာကွယ်ရန်အတွက် နိုင်ငံတစ်ဝန်း၌ သိုလှောင်ရုံလုပ်ငန်းများအား တိုးတက်ကောင်းမွန် စေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များတွင် ပိုမိုသုံးစွဲလာမှုအရ စားသုံးရန်အတွက် ဈေးကွက်၌ Nadu  ဆန်အမျိုးအစား ရရှိလွယ်မှု ကျဆင်းလျက်ရှိသည့် အရေးကိစ္စများအပေါ် အလေးထား ဆွေးနွေးခဲ့ ကြသည်။ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ဓာတ်မြေဩဇာ အခမဲ့ပံ့ပိုး ဖြန့်ဖြူးမှုကို လွယ်ကူချောမွေ့စေရန်အတွက် QR code စနစ်တစ်ရပ်အား စမ်းသပ်ဆောင်ရွက်ခြင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်း သမ္မတက အဓိကဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

       အစိုးရသစ်အနေဖြင့် ရေကြီးမှုမဖြစ်ပွားမီကပင် ဈေးကွက်အတွင်း ဆန်ပြတ်တောက်မှုကို ဖြေရှင်းရန်အတွက် ဆန်တန်ချိန် ၇၀၀၀၀ ကို ပြည်ပမှတင်သွင်းရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။  ဆန်ဈေးကွက်တွင် ပါဝင်လုပ်ကိုင်နေသူများက  ကောက်ပဲသီးနှံ ထိခိုက်ပျက်စီးမှုသည် ဆန်ထုတ် လုပ်မှုကျဆင်းခြင်းကို ပိုမိုဖြစ်ပေါ်စေပြီး သီရိလင်္ကာ၏ စပါးအများဆုံးထွက်ရှိလေ့ရှိသော လာမည့် သုံးလပတ်တွင် ဆန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားထားပါသည်။

Source : EconomyNext, December 2, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ၂၀၂၅ ခုနှစ်တွင် ကျဆင်းနိုင်

      ထိုင်းနိုင်ငံ၏ ယခုနှစ် ပို့ကုန်တင်ပို့မှုသည် ယခင်ခန့်မှန်းထားသည့် ၂% တိုးတက်မှုထက် မြင့်မားလျက် ၄% အထိ တိုးတက်မှုရရှိနိုင်ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ၁% မှ ၃% အထိ တိုးတက် လာနိုင်ကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီက ၃-၁၂-၂၀၂၄ ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့သည်။

      စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် ပို့ကုန်တင်ပို့မှုများသည် ယခုနှစ်အစောပိုင်းက ထက် အောက်တိုဘာလတွင် ၁၄.၆% မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၁၀ လ၏ နှစ်ချုပ်အနေဖြင့် ၄.၉% တိုးလာကြောင်း သိရှိရသည်။

     ယခုနှစ် ပထမ ၁၀ လအတွင်း ထိုင်းနိုင်ငံ၏ နယ်စပ်နှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ မှာ ၆.၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ ၁.၅၁ ထရီလီယံသို့ ရောက်ရှိခဲ့သည် ဟု ကုန်သွယ်ရေးဝန်ကြီး Pichai Naripthaphan က ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

      တစ်ချိန်တည်း၌ ထိုင်းဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လတွင် တန်ချိန် ၉.၂၇ သန်း သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလ တင်ပို့မှုထက် ၁၆.၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ သို့သော် အိန္ဒိယ၏ဆန်တင်ပို့မှု ပြန်လည်စတင်ခဲ့ပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့ သည့် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ၂၀၂၅ ခုနှစ်တွင် ကျဆင်းသွားနိုင်ဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။  

Source: Bangkok Post, 3 December, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံး 150 MW လေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ

      Leader Energy  သည်  150 MW လေအားလျပ်စစ်ဓာတ်အားပေးစက်ရုံအတွက် သတ္တုနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် အကောင်အထည်ဖော်ရေး သဘောတူစာချုပ် (IA) ကို လက်မှတ်ရေးထိုးခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင် အသွင်ကူးပြောင်းရေးတွင် အရေးပါသော ခြေလှမ်းတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ ထိုပရောဂျက် သည် Leader Energy  ၏ လေအားလျှပ်စစ်တွင် စတင်ပူးပေါင်းဆောင်ရွက်မှုကို အမှတ်အသား ပြုခဲ့ပြီး အရှေ့တောင်အာရှတွင် ထိပ်တန်းစွမ်းအင် အသုံးပြုသူအဖြစ် ထင်ဟပ်စေသည်။ နေရောင်ခြည်၊ ရေအားလျှပ်စစ်၊ ဓာတ်အားလိုင်းများနှင့် ဘတ်ထရီသိုလှောင်မှုတို့နှင့်အတူ ကုမ္ပဏီသည် ပြန်လည်ပြည်ဖြိုးမြဲ အသုံးပြုနိုင်သော လေစွမ်းအင်ကိုပါပေါင်းထည့်ပြီး ဒေသတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကတိပြုခဲ့သည်။ Mandulkiri ခရိုင်တွင် တည်ရှိသော လေအားလျှပ်စစ်ခြံအား ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန်ရည်ရွယ်ထားပြီး ကမ္ဘောဒီးယား၏ ရေရှည်တည်တံ့သော စွမ်းအင်အနာဂါတ်အတွက် ပြုပြင်ပြောင်းလဲရေးမှတ်တိုင်တစ်ခုအဖြစ် ကိုယ်စားပြုရန်ရည်ရွယ်ထားသည်ဟု Leader Energy ၏ CEO  မှ ပြောကြားခဲ့သည်။

 

Source: Khmer Times

DOCA(ရန်ကုန်)

Zeekr 009 MPV အား စင်္ကာပူတွင် စတင်မိတ်ဆက်ခဲ့ပြီး နှစ် ၅၀၀ မြောက် ကမ္ဘာလုံးဆိုင်ရာ စတိုးဆိုင်ဖွင့်လှစ်ခဲ့

     Zeekr သည် ယနေ့တွင် Zeekr 009 MPV (ဘက်စုံသုံးယာဉ်) အား စင်္ကာပူတွင် မိတ်ဆက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ၎င်း၏ နှစ် ၅၀၀ မြောက်ဆိုင်ဖြစ်သော စတိုးဆိုင်အား စင်္ကာပူမြို့တော်အတွင်း ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ Zeekr 009 အား စင်္ကာပူတွင် ထိုင်ခုံခုနှစ်လုံးပါသော ဗားရှင်းနှင့် ထိုင်ခုံရှစ်လုံးပါသော ဗားရှင်းဟူ၍ စင်္ကာပူဒေါ်လာ ၄၀၉၉၀၀ (အမေရိကန်ဒေါ်လာ ၃၀၅၀၅၀) နှင့် စင်္ကာပူဒေါ်လာ ၄၁၉၉၀၀ တို့ အသီးသီးဈေးနှုန်းရှိမည် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ပုံမှန် Zeekr 009 အား ယွမ် ၄၃၉၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၅၄၀)၊ ယွမ် ၄၅၉၀၀၀ နှင့် ယွမ် ၄၆၉၀၀၀ ဟူ၍ အမျိုးအစားသုံးမျိုးဈေးနှုန်း အသီးသီးရှိမည် ဖြစ်သည်။ ထိုပုံမှန်ဗားရှင်းအပြင် Zeekr 009 Grand အား ယွမ် ၇၈၉၀၀၀ ဖြင့် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ COE (ရပိုင်ခွင့်လက်မှတ်၀ အပါအဝင်ကားတစ်စီးပိုင်ဆိုင်ရန် ကုန်ကျစရိတ်ကြီးမြင့်ခြင်းကြောင့် စင်္ကာပူနိုင်ငံရှိ မော်တော်ယာဉ်ဈေးနှုန်းများသည် တရုတ်နိုင်ငံထက် မြင့်မားလျက်ရှိသည်။ Zeekr 009 သည် စင်္ကာပူတွင် Zeekr မှ ကမ်းလှမ်းသည့် ဒုတိယမြောက်မော်ဒယ်ဖြစ်ပြီး Zeekr X compact SUV တွင် (Sport Utility vehicle) အား ဩဂုတ်လ ၁ ရက်နေ့က မိတ်ဆက်ခဲ့သည်။ Zeekr ၏ နှစ် ၅၀၀ မြောက် ကမ္ဘာလုံးဆိုင်ရာစတိုးဆိုင်အား ယနေ့ (နိုဝင်ဘာလ ၂၈ ရက်နေ့) တွင် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွင်း နောက်ထပ်ဆိုင်များလည်း တိုးလာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ကြေညာထားသည်။ ယနေ့အချိန်ထိ Zeekr သည် တရုတ်နိုင်ငံတွင် ဆိုင်ပေါင်း ၄၄၇ ဆိုင်နှင့် နိုင်ငံတကာတွင် ၅၃ ဆိုင် ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ကုမ္ပဏီသည် ၎င်း၏ ပထမဆုံးစတိုးဆိုင်အား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် Zhejiang ပြည်နယ်၊ Hang zhou တွင် ဖွင့်လှစ်ခဲ့သည်။ Zeekr သည် ကမ္ဘာ့ဈေးကွက်သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့ကာ ဆွီဒင်၊ ဩစတြေးလျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ စင်္ကာပူ၊ မက္ကဆီကိုနှင့် အီဂျစ်တို့အပါအဝင် နိုင်ငံတကာပင်မဈေးကွက် ၄၀ ကျော်သို့ ဝင်ရောက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ်ကုန်တွင် Zeekr သည် ကမ္ဘာလုံးဆိုင်ရာ စတိုးဆိုင်ပေါင်း ၅၂၀ ဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

Source : cnevpost

DOCA(ရန်ကုန်)

 

ယခုနှစ်တွင်ဗီယက်နမ်၏ တူနာငါးတင်ပို့မှုမှတစ်ဆင့် အမေရိကန်‌ဒေါ်လာ တစ်ဘီလီယံရရှိရန် ခန့်မှန်း

     ယခုနှစ်တွင် ဗီယက်နမ်သည် တူနာငါးတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရရှိနိုင်ပြီး ၂၀၂၃ ခုနှစ် တူညီသည့်ကာလထက် ၁၈ ရာခိုင်နှုန်းမြင့်တက်ရန် ခန့်မှန်းရကာ တူနာသည် ဗီယက်နမ်၏ အဓိကပင်လယ်စာပို့ကုန်များထဲတွင် အားကောင်းသည့်အခန်းကဏ္ဍတွင် ရှိနေကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း၏ အဆိုအရ ယခုနှစ်၏ပထမဆယ်လတွင်နိုင်ငံသည် တူနာငါးတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၈၂၁ သန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလတစ်လတည်းတွင် အမေရိကန်‌ဒေါ်လာ ၉၃ သန်းတန်ဖိုးတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်းသိရပါသည်။ ထိုပမာဏသည် တူနာငါးလုပ်ငန်း၏ကိုဗစ် ၁၉ အလွန်ကာလ နာလံထူလာမှုနှင့် ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာမှုကို ရောင်ပြန်ဟပ်ကြောင်း သိရပါသည်။ အမေရိကန် နှင့်ဥရောပသမဂ္ဂကဲ့သို့သော တင်ပို့နေကျဈေးကွက်များသည် ဆက်လက်အရေးပါနေပြီး  စျေးကွက်သစ်များသည်လည်း အပေါင်းလက္ခဏာဆောင်သည့်ကြီးထွားမှု ပြသနေကြောင်း သိရပါသည်။ ဗီယက်နမ်၏တူနာ ထုတ်ကုန်များ အထူးသဖြင့်စည်သွပ်ကုန်ပစ္စည်းများသည် ဂျာမနီ၊ နယ်သာလန် နှင့် အီတလီ အစရှိသည့် နိုင်ငံများတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိနေကြောင်း သိရပါသည်။ တူနာငါးတင်ပို့မှု အရှိန်မြှင့်တင်ရန် ဗီယက်နမ်သည် များစွာသောမူဝါဒများကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရပါသည်။ တူနာတင်ပို့သည့်လုပ်ငန်းများသည်လည်း ပစ္စည်းကိရိယာများ၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်မှု တိုးတက်ရန်နည်းပညာတို့တွင် ရင်းနှီးမြှုပ်နှံနိုင်စွမ်းရှိရန် ဦးစားပေးအနေဖြင့် ချေးငွေရရှိလျက်ရှိကြောင်းသိရပါသည်။ ထို့ပြင်စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော် ကုန်သွယ်မှုမြှင့်တင်ရေးပရိုဂရမ်များဆောင်ရွက်ရန် အခြားအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ထိုကနဦးဆောင်ရွက်မှုများသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများက ဗီယက်နမ်တူနာထုတ်ကုန်များအား နိုင်ငံတကာကုန်စည်ပြပွဲများတွင်ပြသကာ အလားအလာရှိသောဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံနှင့်ဥရောပကုန်သွယ်ရေးအုပ်စုအကြားပထမဆုံးလွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်(FTA)ရရှိ

     ထိုင်းနိုင်ငံနှင့် ဥရောပဆိုင်ရာ လွတ်လပ်သောကုန်သွယ်ရေးအသင်း (EFTA) တို့သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA)ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားပြီး ထိုင်းနိုင်ငံအတွက် တင်ပို့ရန်အခွင့်အလမ်းများ မြင့်တက်လာကာ ဥ‌ရောပ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်စေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်နေ့ကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan က ထိုင်းနိုင်ငံနှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လတ်ချင်စတိန်းတို့နှင့် ဖွဲ့စည်းထားသည့် ဥရောပလွတ်လပ်သောကုန်သွယ်ရေးအသင်းတို့အကြား ဆွေးနွေးမှုအောင်မြင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ ထိုသဘောတူညီချက်သည် ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးမိတ်ဖက်ဆောင်ရွက်မှု အားကောင်းရန်၊ ပို့ကုန်အခွင့်အလမ်းတိုးချဲ့ရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ကြိုးပမ်းမှုတွင် သိသာထင်ရှားသောခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ ထို FTA သည် ကုန်ပစ္စည်းကုန်သွယ်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ မူပိုင်ခွင့်၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် SME ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် ကျယ်ပြန့်သောဧရိယာ ၁၅ ခုတို့ကိုလွှမ်းခြုံထားကြောင်းသိရပါသည်။ Mr.Pichai က ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ်တွင် ကနဦးစတင်ခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်အတွင်း ပြီးမြောက်ခဲ့ကြောင်း၊ ထိုထိုင်းနိုင်ငံ၏ ဥရောပကုန်သွယ်ရေးအုပ်စုတစ်စုနှင့် ပထမဆုံး FTA သည် တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်နှင့် ခေတ်မီစံနှုန်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ထိုမှတစ်ဆင့် ဥရောပသမဂ္ဂကဲ့သို့သော အခြားအဓိကမိတ်ဖက်များနှင့် အနာဂတ် သဘောတူညီမှုများရရှိရန်အတွက် လမ်းကြောင်းဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနသည် အထက်လွှတ်တော်၏ခွင့်ပြုချက်ရရှိကာ သဘောတူညီမှုအပြီးသတ်နိုင်ပါက၂၀၂၅ ခုနှစ်ဇန်နဝါရီလတွင် ဆွစ်ဇာလန်နိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း သိရပါသည်။ ယခုနှစ်၏ပထမ ဆယ်လအတွင်း ထိုင်းနိုင်ငံနှင့် EFTA တို့ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရှိပြီး ထိုင်းနိုင်ငံ၏စုစုပေါင်းကုန်သွယ်မှု၏ ၂.၀၃ ရာခိုင်နှုန်းရှိကာ၂၀၂၃ ခုနှစ်တူညီ သည့်ကာလထက် ၂၃.၂၂ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ EFTA သို့ အဓိကပို့ကုန်များတွင် ကျောက်မြတ်ရတနာများ၊ နာရီများ၊ ပင်လယ်စာစည်သွပ်ဘူးများ၊ စက်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် ဆန်တို့ ပါဝင်ပြီး ရွှေ၊ ရတနာများ၊ သိပ္ပံဆိုင်ရာပစ္စည်းများနှင့် လတ်ဆတ်သောပင်လယ်စာများ ပြန်လည်တင်သွင်းကြောင်း သိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

                                               

လျှပ်စစ်မော်တော်ယာဉ်(EV)ဖွံ့ဖြိုးတိုးတက်ရေးသည် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်အတွက် အရေးပါကြောင်း အင်ဒိုနီးရှားဝန်ကြီးပြောကြား

      အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Airlangga Hartarto က လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်အတွက် ဗျူဟာမြောက်အခန်းကဏ္ဍတွင်ရှိနေကြောင်း ဒီဇင်ဘာလတစ်ရက်နေ့က Tangerang ရှိ Gaikindo Jakarta Auto Week 2024(GJAW 2024) တွင် ပြောကြားခဲ့ပါသည်။ Hartarto က အစိုးရသည် အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးပေးရန် အာမခံကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်များ များသထက်များလာပါက စျေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းပိုရှိလာမည်ဖြစ်ကြောင်းနှင့် ထိုအချက်သည် အစိုးရ၏အာမခံချက် ဖြစ်သည့် ကာဗွန်ထုတ်လွှင့်မှုလျှော့ချရာတွင် အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ နိုဝင်ဘာ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အထိကျင်းပခဲ့သည့် ထိုပြပွဲသည် များစွာသောမော်တော်ယာဉ် ထုတ်လုပ်သူများက ၎င်းတို့၏ အကောင်းဆုံးသောထုတ်ကုန်များကို ပြသရာစင်မြင့်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရပါသည်။ Zeekr နှင့် Aletra တို့က ၎င်းတို့၏အင်ဒိုနီးရှားနိုင်ငံ ပွဲဦးထွက်ပါဝင်သည့် ခရီးသည်တင်ကားအမှတ်တံဆိပ် ၂၇ ခုနှင့်မော်တော်ဆိုင်ကယ်အမှတ်တံဆိပ် ၁၂ ခုတို့ပါဝင် ပြသခဲ့ကြောင်း သိရပါသည်။ ထိုပြပွဲတွင်ဝန်ကြီးက ပြည်တွင်းအမှတ်တံဆိပ်များ လျှပ်စစ်  မော်တော်ယာဉ် နယ်ပယ်သို့ဝင်ရောက်လာမှုအပေါ် အမွှမ်းတင်ပြောကြားခဲ့ပြီး အစိုးရသည် များစွာသောမူဝါဒများပါဝင်သည့် မော်တော်ယာဉ်နယ်ပယ် အထူးသဖြင့် လျှပ်စစ်မော်တော်ယာဉ်  နယ်ပယ်တွင် ပံ့ပိုးပေးသွားဖြစ်ကြောင်း၊ အနာဂတ်တွင် အင်ဒိုနီးရှား၌ လျှပ်စစ်အခြေခံသည့် မော်တော်ယာဉ်လုပ်ငန်းအတွက် အကောင်းမြင်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီး၏အဆိုအရ လုပ်ငန်းရှင်များထံမှ ဆန်းသစ်တီထွင်မှုသည် လျှပ်စစ်မော်တော်ယာဉ်ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသော့ချက်ဖြစ်ကြောင်း သိရပါသည်။ GJAW 2024 သည် နိုင်ငံ၏ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍကြီးထွားရေး အထူးသဖြင့်  သဘာဝပတ်ဝန်းကျင်နှင့်သင့်လျှော်သော မော်တော်ယာဉ် အသွင်ကူးပြောင်းမှု အရှိန်မြှင့်တင်ရေးတွင် အရေးပါသောအရာများထဲမှ တစ်ခုဖြစ်ကြောင်း သိရပါသည်။ အစိုးရနှင့်လုပ်ငန်းရှင်များအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုနှင့် ဗျူဟာမြောက်မူဝါဒများနှင့်အတူ လျှပ်စစ်မော်တော်ယာဉ်အသွင်ကူးပြောင်းရေးသည် ကာဗွန်ထုတ်လွှင့်မှုကို လျှော့ချနိုင်ရုံသာမက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနိုင်မည်ဟုသိရပါသည်။

Antara News

DOCA(ရန်ကုန်)

မော်တော်ယာဉ်လုပ်ငန်းအတွက် အခွန်မက်လုံးကို ၂၀၂၇ ထိ တိုးမြှင့်ပေးမည့်ဗီယက်နမ်

        ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်တွင်းမော်တော်ယာဉ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် မော်တော်ယာဉ်အစိတ်အပိုင်း ထုတ်လုပ်သည့်လုပ်ငန်းအတွက် အခွန်မက်လုံးပေးထားမှုကို ယခုနှစ်ကုန်အစား ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ တိုးမြှင့်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သည့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးက အဓိကကျသည့် မော်တော်ယာဉ်လုပ်ငန်းကို ဦးစားပေးစက်မှု လုပ်ငန်းထဲမှတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ ဗီယက်နမ်သည် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်ကားများနှင့် မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သည့်လုပ်ငန်း အတွက် အခွန်မက်လုံးပေးသည့်ပရိုဂရမ်ကို ၂၀၂၀ ခုနှစ်မေလ ၂၅ ရက်နေ့မှစ၍ အကောင်အထည် ဖော်ခဲ့ကြောင်း သိရပါသည်။ ထိုပရိုဂရမ်သည် ပြည်တွင်းစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာတွင် အရေးပါသောကဏ္ဍကပါဝင်ခဲ့ကြောင်း သိရပါသည်။ အထူးသဖြင့် မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်ရာတွင်အသုံးပြုမည့် ပြည်တွင်း၌ထုတ်လုပ်ခြင်းမဟုတ်သည့် ကုန်ကြမ်း ပစ္စည်းများနှင့် အစိတ်အပိုင်းများကို သွင်းကုန်အခွန်ကောက်ခံမှုမရှိကြောင်း သိရပါသည်။ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည်လည်း ၂၀၅၀ သို့ရှုမြင်မှုနှင့်အတူ ဗီယက်နမ်၏ ၂၀၃၀ တွင် မော်တော်ယာဉ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက် မဟာဗျူဟာမူကြမ်းကို လူအများ မှတ်ချက်ပြုနိုင်ရန် အောက်တိုဘာလက ကြေညာခဲ့ကြောင်း သိရပါသည်။ ထိုဥပဒေမူကြမ်းသည် ပြည်တွင်း၌တပ်ဆင်သည့်ကားများက ပြည်တွင်းဝယ်လိုအား၏ ၇၈ ရာခိုင်နှုန်းဖြစ်စေရန် ရည်ရွယ်ချက်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သည့် လုပ်ငန်းသည်လည်း ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်ရာတွင်လိုအပ်သည့် အစိတ်အပိုင်းနှင့် ပစ္စည်းအတွက် ဝယ်လိုအားတန်ဖိုးတွင် ၂၀၂၅ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းနှင့်၂၀၃၅ ခုနှစ်တွင် ၆၅ ရာခိုင်နှုန်းအခြေခံအားဖြင့် ပြည့်မီရမည်ဟုသိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ