ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယက ဘူတန်၏ အာလူးများကို လိုင်စင်မလိုပဲ တင်သွင်းခွင့်ပြု

ဘူတန်နိုင်ငံ၏ ပို့ကုန်ဖြစ်သည့် အာလူးများကို လိုင်စင်လျှောက်ထားရန် မလိုပဲ ၂၀၂၄ ခုနှစ် ဇွန်လအထိ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့သည်။  

အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) ၏ ဇူလိုင်လ ၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအရ မူလက ဘူတန်နိုင်ငံမှတင်ပို့သော အာလူးများကို သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုပဲ ယခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့ခြင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ဆက်လက်ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၃ ခုနှစ်တွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၀၂ သန်းရှိသော လတ်ဆတ်အာလူးများကို တင်သွင်းခဲ့ကြောင်း၊ ထို့အပြင် ဘူတန်မှ လတ်ဆတ်ကွမ်းသီးအစိမ်း မက်ထရစ်တန်ချိန် ၁၇၀၀၀ ကိုလည်း အနည်းဆုံးသွင်းကုန်ဈေးနှုန်း MIP သတ်မှတ်ချက်မရှိပဲ ကုန်းတွင်းအကောက်ခွန်စခန်းတစ်ခုဖြစ်သည့် LCS Chamurchi မှတစ်ဆင့် တင်သွင်းခွင့်ပြုမည်ဖြစ်သည်ဟု DGFT က သီးခြား အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ကြောင်း Economic Times သတင်းဌာနက  ဖော်ပြထားသည်။

Source: Economic Times, 3 Jul 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံကို တန်ချိန် ၁၂ သိန်းအထိ တိုးမြှင့်တင်သွင်းမည်

အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်မှုလျော့ကျသည့်အလျောက် ဈေးနှုန်းများမြင့်တက် မှုနှင့် ရင်ဆိုင်လာရမှုအပေါ် ပြည်တွင်းဈေးကွက်၌ ပေးသွင်းနိုင်မှုအား မြှင့်တင်ရန်နှင့် ဈေးနှုန်း ထိန်းညှိနိုင်ရန်အတွက် ပြည်ပမှ ပဲစင်းငုံများတင်သွင်းခြင်းကို ယခင်နှစ်ကထက် ၃၅% တိုးမြှင့်လျက် တန်ချိန် ၁၂ သိန်းအထိ ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Mr. Rohit Kumar Singh က ပဲစင်းငုံ ဈေးနှုန်းများမြင့်တက်မှုသည် ပြဿနာတစ်ရပ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အိန္ဒိယနိုင်ငံတစ်ဝန်း၌ ပဲစင်းငုံ ၁ ကီလိုဂရမ်၏ ပျမ်းမျှလက်လီရောင်းဈေးသည် ၂၅% မြင့်တက်လျက် ၁၂၈.၆၆ ရူပီးနှုန်းသို့ ရောက်ရှိလာကြောင်း၊ ပြည်တွင်း၌ ပဲစင်းငုံ စားသုံးမှုမှာ တန်ချိန် ၄၄ သိန်းမှ ၄၅ သိန်းခန့်ရှိပြီး ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပြည်ပမှ တင်သွင်းနေရကြောင်း၊ လက်ရှိဘဏ္ဍာနှစ်တွင် ပဲစင်းငုံ တန်ချိန် ၁၂ သိန်းအထိ တိုးမြှင့်တင်သွင်းမည်ဖြစ်ကြောင်း၊ ပဲတင်သွင်းမှု စတင်သည်နှင့်တစ်ပြိုင်နက် ဈေးနှုန်းများလည်း ကျဆင်းလာမည်ဖြစ်ကြောင်းဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

အိန္ဒိယ၏ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၂၁-၂၂ ခုနှစ် (ဇူလိုင်-ဇွန်) သီးနှံရာသီ၌ တန်ချိန် ၃၉ သိန်း ရှိရာမှ ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန် သိန်း ၃၀ သို့ ကျဆင်းခဲ့သည်။ သို့ဖြစ်ရာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနှင့် အာဖရိက အရှေ့ပိုင်းဒေသ နိုင်ငံများထံမှ ပဲစင်းငုံ တန်ချိန် ၈.၉ သိန်း တင်သွင်းခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်၌ တန်ချိန် ၆ သိန်း တင်သွင်းထားပြီးဖြစ်သည်။

အရှေ့အာဖရိကဒေသမှ ပဲစင်းငုံများသည် ဩဂုတ်လတွင် စတင်ဝင်ရောက်မည်ဖြစ်ပြီး ဈေးနှုန်းမြင့်တက်မှုကို လျော့ပါးစေမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဈေးနှုန်းထိန်းညှိနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ပိုင်နှင့် ကုန်သည်လုပ်ငန်းရှင်များ လက်ဝယ်၌  ပဲစင်းငုံသိုလှောင်ထားရှိနိုင်မှု ပမာဏကို ကန့်သတ်သကဲ့သို့ အရန်ရိက္ခာမှလည်း ပဲစင်းငုံတန်ချိန် ၅၀၀၀၀ ကို ဈေးကွက်အတွင်းသို့ ထုတ်ရောင်းပေးရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း၊ ပဲစင်းငုံ နည်းတူ မတ်ပဲဈေးနှုန်းများသည်လည်း မြင့်တက်လျက်ရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဇွန်လ ၂၈ ရက်နေ့ရှိ အိန္ဒိယနိုင်ငံတစ်ဝန်း မတ်ပဲ ၁ ကီလိုဂရမ်၏ ပျမ်းမျှလက်လီရောင်းဈေးသည် ၇.၂၂% မြင့်တက်ပြီး ၁၁၁.၇၇ ရူပီးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ မတ်ပဲအား ဈေးကစား ကိုင်တွယ်မှုများရှိနေခဲ့ပြီး ယခုအခါ မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ ဆက်လက် ထိန်းချုပ်ထားနိုင်မည်မဟုတ်ကြောင်း၊ အခြားနိုင်ငံများ၌ မတ်ပဲစားသုံးမှုမရှိသဖြင့် မြန်မာဘက်မှ မတ်ပဲများ ကို အိန္ဒိယသို့ ထုတ်ရောင်းရတော့မည်ဖြစ်ပြီး ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှလည်း သီးနှံများ မကြာမီထွက်ရှိလာမည်ဖြစ်ရာ ဈေးနှုန်းများကျဆင်းလာမည်ဖြစ်ကြောင်း အတွင်းဝန် Mr. Kumar Singh က ပြောဆိုခဲ့သည်။

ဇွန်လ ၂၈ ရက်နေ့ ပျမ်းမျှလက်လီဈေးနှုန်းများအရ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းသည်လည်း ၁ ကီလိုဂရမ်လျှင် ၇.၀၇% ပိုမိုလျက် ၁၀၉.၂၃ ရူပီးနှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် မဒ္ဒရာပရာ‌ဒေ့ရှ်ပြည်နယ်၌ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှုမှာ အထွက်နှုန်းမြင့်မားဖွယ် ရှိသဖြင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာမည်ဖြစ်ကြောင်း၊ ပဲနီလေးဈေးနှုန်းမှာမူ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ရာတွင် ၅% လျော့နည်းလျက် ၁ ကီလိုဂရမ်လျှင် ၉၁.၇၈ ရူပီးနှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ အိန္ဒိယပြည်တွင်း၌ ပဲနီလေးအား တန်ချိန် ၁၆ သိန်းအထိ တိုးတက် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ရာ ပြည်တွင်းစားသုံးမှုပမာဏ တန်ချိန် ၂၂ သိန်းအပေါ် ပြည်ပမှ တန်ချိန် ၆ သိန်းခန့် တင်သွင်းဖြည့်ဆည်းရန် လိုအပ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ကနေဒါနှင့် ဩစတေးလျတို့မှ ပဲနီလေးကို အဓိကမှာယူတင်သွင်းလျက်ရှိပြီး ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန် ၁၁ သိန်းခန့် တင်သွင်းခဲ့ရကြောင်း သိရှိရသည်။

Source: Economic Times, 30 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆော်ဒီနှင့် ရုရှားတို့၏ ရေနံပေးသွင်းမှု လျှော့ချခြင်းက ရေနံစိမ်းဈေးနှုန်းကို မြင့်တက်စေခဲ့

ဆော်ဒီအာရေဗျနိုင်ငံသည် အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူညီထားသည့် ရေနံထုတ်လုပ်မှု လျှော့ချမည့်ပမာဏအပြင် ယခုလ၌စတင်ခဲ့သော ၎င်း၏ တစ်ဖက်သတ် ရေနံထုတ်လုပ်မှု လျှော့ချမည့် အစီအစဉ်ကို ဩဂုတ်လအထိ လုပ်ဆောင်မည်ဖြစ်ပြီး ထပ်မံ၍လည်း သက်တမ်းတိုးမြှင့်ဖွယ်ရှိကြောင်း နိုင်ငံပိုင် Saudi Press Agency သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ တစ်ရက်လျှင် ရေနံစည် ၉ သန်း လျှော့ချထုတ်လုပ်မှုက နှစ်ပေါင်းများစွာအတွင်း ဆော်ဒီအာရေဗျ၏ ရေနံထုတ်လုပ်မှု ပမာဏကို အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ရောင်းချနိုင်မည့် အရေအတွက်ကို အဆုံးရှုံးခံလျက် ရလဒ်အားဖြင့် အနည်းငယ်မျှသော စျေးနှုန်းမြင့်တက်မှုကို ရရှိစေမည်ဖြစ်သည်။

အိုပက်အဖွဲ့၏ မဟာမိတ် ရုရှားနိုင်ငံကလည်း ထုတ်လုပ်မှုလျှော့ချရန် သဘောတူညီထားမှုကို ယခုနှစ်အတွင်း အရှိန်မြှင့်တင်လျက် ရေနံပို့ကုန်များအပေါ် ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ကြေညာခဲ့သည်။ ရုရှားဒုတိယဝန်ကြီးချုပ် Alexander Novak က ၎င်း၏ သတင်းစာရှင်းလင်း ပွဲ၌ သြဂုတ်လအတွင်း ပြည်ပသို့ ရေနံတင်ပို့မှုကို တစ်ရက်လျှင် ရေနံစည် ၅ သိန်း လျှော့ချမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ဆော်ဒီအာရေဗျ၏ ရေနံဈေးနှုန်းဆွဲတင်ရေး ကြိုးပမ်းမှုကို အထောက်အကူ ပြုမည်ဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ၎င်း၏ဘတ်ဂျက်လျာထားချက်ကို ကာမိနိုင်ရန် လိုအပ်သည့် အခြေအနေရှိနေချိန်တွင် တရုတ်နိုင်ငံ၏ ရေနံစိမ်းဝယ်လိုအား လျော့နည်းသွားခြင်းက ရေနံစိမ်း တစ်စည်လျှင် ၇၅ ဒေါ်လာဝန်းကျင်သို့ ကျဆင်းစေခဲ့သည်။ သို့ဖြစ်ရာ ဆော်ဒီအာရေဗျ၏ ရေနံလျှော့ချထုတ်လုပ်မှုကို သက်တမ်းတိုးမြှင့်ရန် လုပ်ဆောင်ချက်သည် အံ့အားသင့်ဖွယ်ရာမရှိကြောင်း၊ ကုန်သည်များနှင့် လေ့လာဆန်းစစ်သူများက ဤရလဒ်ကို ခန့်မှန်းထားရှိပြီးဖြစ်ကြောင်း Bloomberg  သတင်းဌာနက ဖော်ပြပါသည်။

အမေရိကန်ကဲ့သို့သော ရေနံသုံးစွဲသည့် နိုင်ငံများက အိုပက်အဖွဲ့နှင့် မဟာမိတ်များ၏ ထောက်ပံ့မှု ကန့်သတ်ရေးမူဝါဒအပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ထိုသို့ လုပ်ဆောင်မှုသည် ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေပြီး ထိခိုက်လွယ်သည့် စီးပွားရေးပြန်လည်နာလန်ထမှုကို အန္တရာယ်ဖြစ်စေကြောင်း ပြစ်တင်ပြောကြားလျက်ရှိသည်။

တစ်ဖက်သတ် ရေနံထုတ်လုပ်မှု လျှော့ချခြင်းကို သက်တမ်းတိုးမြှင့်မည်ဟု ဆော်ဒီအာရေဗျက ပြောကြားခဲ့ပြီးနောက် လန်ဒန်ဈေးကွက်တွင် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀း၃၄ အချိန် Brent ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၁.၃% မြင့်တက်လျက် ၇၆.၃၉ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့သည်။

Source: Bloomberg, 3 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယအစိုးရအနေဖြင့် ဈေးနှုန်းများကို ထိန်းကျောင်းရန် ဂျုံနှင့် ဆန်ကို ဈေးကွက်အတွင်း ရောင်းချ

အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများ မြင့်တက်လာသည့်ကာလအတွင်း အိန္ဒိယအစိုးရအနေဖြင့် မကြာမီကျင်းပမည့် လေလံပထမအသုတ်တွင် စားသုံးသူအုပ်စုနှင့် ကုန်သည်များကို အရန်သိုလှောင်ထားသည်များအနက်မှ ဆန်တန်ချိန် ၅ သိန်းနှင့် ဂျုံတန်ချိန် ၄ သိန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းကျောင်းသည့် ဗဟိုအစိုးရ၏ ရေရှည်စီမံကိန်းတစ်ခုဖြစ်ကြောင်း  Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

အစိုးရအနေဖြင့် ပွင့်လင်းမြင်သာသော ဈေးကွက်အတွင်း ရောင်းချမှုအစီအစဉ် (OMMSS) ကို အိန္ဒိယ၏ စားသောက်ကုန်ဝယ်ယူဖြန့်ဖြူးရေးအေဂျင်စီဖြစ်သည့် FCI အနေဖြင့် စတင်ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်းဖြင့် FCI က PTI သတင်းမီဒီယာသို့ ပြောကြားခဲ့သည်။

ဇွန် ၁၂ ရက်နေ့တွင် သိုလှောင်မှုကို စစ်ဆေးခြင်းနှင့် ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဂျုံလက်ကျန်ပမာဏကို ချက်ချင်း ကန့်သတ်ထားရှိခဲ့ကြောင်း၊ OMMSS နှင့်အညီ FCI ရှိ Central Pool သိုလှောင်ရုံမှ စားသုံးသူအုပ်စုနှင့် ကုန်သည်များကို ဂျုံတန်ချိန် ၁၅ သိန်းကို ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဆန်ကို ရောင်းချမည်ဖြစ်သော်လည်း စုစုပေါင်းရောင်းချမည့်ပမာဏကို ဗဟိုအစိုးရက မသတ်မှတ်ခဲ့ကြောင်းဖြင့် သိရသည်။

ဂျုံလက်ကျန်ပမာဏကို ထိန်းသိမ်းနိုင်ရန် အစိုးရအနေဖြင့် လေလံပွဲတွင် ပါဝင်ခဲ့သူများတွက် ဂျုံ လက်ကျန်စောင့်ကြည့်ခြင်းစနစ်ဝင်ပေါက်နှင့်စပ်လျဉ်းသည့်ကြေညာချက်များကို လိုက်နာရမည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြေအနေခိုင်မာပါက OMSS အတွက် အသုံးပြုနိုင်မည့် ပိုလျှံသည့် ဂျုံတန်ချိန် ၈၇ သိန်းနှင့် ဆန်တန်ချိန် ၂၈၂ သိန်း ရှိပါကြောင်း၊ အမျိုးသား အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ အက်ဥပဒေအရ လိုအပ်ချက်များကို ပြည့်စုံစေသည့်အပြင် ထပ်မံပိုလျှံမှု ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ၎င်းအစားအသောက်ဥပဒေအရ လူပေါင်းသန်း ၈၀၀ အတွက် စား သောက်ကုန်များ အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ကျန်သန်းပေါင်း ၆၀၀ ကို သင့်လျော်သော ဈေးနှုန်းဖြင့် ဂျုံ၊ ဆန်တို့ ရရှိစေရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများ လျှော့ချဖို့ လိုအပ်လာခဲ့ပါက ဂျုံသွင်းကုန်အခွန်များ လျှော့ချခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြင့် FCI ၏ ဥက္ကဋ္ဌဖြစ်သူ Ashok K Meena က ပြောကြားခဲ့သည်။

လက်ရှိတွင် ဂျုံအပေါ် သွင်းကုန်အခွန်မှာ ၄၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယခင်နှစ်က အစိုးရအနေ ဖြင့် ပြည်တွင်းရောင်းလိုအား မြှင့်တင်ရန်နှင့် ဈေးနှုန်းများကို ထိန်းချုပ်ရန် ဂျုံတင်သွင်းမှုကို တားမြစ်ခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ်တွင် OMSS အသုံးပြုခဲ့မှုဖြင့် ဂျုံတန်ချိန် ၃၄ သိန်းကို ရောင်းချပေးနိုင်ခဲ့ကြောင်းဖြင့် သိရသည်။ ဇွန်လ ၁၂ ရက်နေ့က အစားအသောက်သမဂ္ဂ၏ ပြောကြားမှုတွင် ဂျုံအတွက် လက်ကျန်ပမာဏကန့်သတ်ရခြင်းမျာ မသမာသူများက လက်ကျန်ကို ထိန်းချုပ်ပြီး ရှားပါးအောင် ဆောင်ရွက်နေခြင်းကြောင့်ဖြစ်ကြောင်း၊ ယခင်လတွင် ၈ ရာခိုင်နှုန်းခန့် ဈေးများ ကြီးမြင့်ခဲ့ရကြောင်းဖြင့် သိရသည်။

ဂျုံဈေးနှုန်းများမှာ ယခင်လက တစ်ကွင်တယ်လ်ယူနစ်လျှင် ရူပီးငွေ ၂၁၂၉ ရှိရာမှ ဇွန်လ ၇ ရက်နေ့ တွင် ရူပီးငွေ ၂၃၀၂ သို့ ကြီးမြင့်လာခဲ့ကြောင်း၊ ဂျုံကုန်သည်များ သို့မဟုတ် လက်ကား သမားများ အတွက် လက်ကျန်ထားရှိရမည့်ပမာဏမှာ တန်ချိန် ၃၀၀၀၊ လက်လီသမားများအတွက် ၁၀ တန်၊ လက်လီဆိုင်ကြီးများ၏ ဆိုင်ခွဲတစ်ခုစီလျှင် ၁၀ တန်နှင့် ၎င်းတို့၏ သိုလှောင်ရုံများအတွက် တန်ချိန် ၃၀၀၀ ဖြင့် ထားရှိရန် ကန့်သတ်ထားကြောင်း Economic Times သတင်းဌာနတွင် ဖော်ပြ ထားသည်။                                                              

Source: Economic Times, Jun 23, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ၏ ပြည်ပသို့ ပီလောပီနံတင်ပို့မှု ယခုနှစ်တွင် ကျဆင်းနိုင်

ထိုင်းနိုင်ငံအနေဖြင့် ယခင်နှစ်ကပြည်ပသို့ ပီလောပီနံနှင့်ပီလောပီနံထုတ်ကုန် ၁၁ သန်းတင်ပို့ နိုင်ခဲ့သော်လည်း ယခုနှစ်တွင် မိုးခေါင်မှုဒဏ်ကြောင့် အထွက်နှုန်းကျဆင်းကာ ပြည်ပသို့ ပီလောပီနံတန်ချိန် ၉ သန်းခန့်သာ တင်ပို့သွားနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ထိုင်းနိုင်ငံတွင် ယခုအခါ ပီလောပီနံဥအစိုတစ်ကီလိုလျှင် ထိုင်းဘတ် ၃.၁၀ မှ ၃.၅၅ အကြားရှိ ပြီး၊ တစ်ကီလိုလျှင် ထိုင်းဘတ် ၂.၅၀ အထက် ဈေးကွက်အာမခံချက်ရှိသည့် သီးနှံတစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ (ထိုင်းဘတ် ၁၅၂ ဘီလီယံ) တန်ဖိုးရှိ ပီလောပီနံနှင့်ပီလောပီနံထုတ်ကုန် စုစုပေါင်းတန်ချိန် ၁၁ သန်းကို ပြည်ပသို့ တင်ပို့ နိုင်ခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၆.၉၀ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၁၁.၂ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်ပထမငါးလတွင် အမေရိကန်ဒေါ်လာ ၁.၇ သန်းတန်ဖိုးရှိ ပီလောပီနံနှင့် ပီလောပီနံ ထုတ်ကုန်တန်ချိန် ၄.၇၃ သန်းကို ပြည်ပသို့တင်ပို့ခဲ့ပြီး ယခင်နှစ်များထက် ၂၁ ရာခိုင်နှုန်းနှင့် ၁၉ ရာခိုင်နှုန်း အသီးသီးကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

ပီလောပီနံအချပ်များ၏ FOB ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၆၅ ပေါက် ဈေးရှိပြီး၊ တရုတ်နိုင်ငံ၏ အရက်ထုတ်လုပ်ရန် ဝယ်ယူမှုလျော့နည်းခဲ့သည့်အတွက် ယခင်နှစ်ကထက် ၇ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ronnarong Phoolpipat ၏ ပြောကြားချက်အရ သိရှိရပါသည်။ ပီလောပီနံအမှုန့်၏ FOB ဈေးနှုန်းမှာမူ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၀ ဖြင့် တစ်နှစ်ထက် တစ်နှစ် ၅ ရာခိုင်နှုန်း တန်ဖိုးမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည်  ထိုင်းနိုင်ငံ၏ ပီလောပီနံထုတ်ကုန်များအား အများဆုံးတင်ပို့သည့် ထိပ်တန်းဈေးကွက်ဖြစ်ပြီး၊ စုစုပေါင်းထုတ်ကုန်၏ ၆၅ ရာခိုင်နှုန်းကို တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ပီလောပီနံ ထုတ်ကုန်တန်ချိန် ၈ သန်းကို နှစ်စဉ် တင်ပို့လျက်ရှိပြီး၊ ပီလောပီနံအချပ်အနေဖြင့် ၆၉ ရာခိုင်နှုန်း၊ ပီလောပီနံအမှုန့်အနေဖြင့် ၃၀ ရာခိုင်နှုန်း၊ စွန့်ပစ်ထုတ်ကုန် အဖြစ် ၁ ရာခိုင်နှုန်းဖြစ်ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် ပီလောပီနံဥအစို တန်ချိန် ၃၆ သန်းခန့် ထွက်ရှိမည်ဖြစ်ရာ ပြည်တွင်းလိုအပ်ချက်မှာ တန်ချိန် သန်း ၄၀ ရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီစေရန်အတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ပီလောပီနံအချပ် တန်ချိန် ၂.၄ သန်းခန့် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Bangkok Post, 26 June 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားမှ ဖိလစ်ပိုင်သို့ ဆန် ၂.၅ တန်ကျော် ပထမဆုံးအကြိမ် တင်ပို့ခဲ့ခြင်း

ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင် ဈေးကွက်သို့ ပထမဆုံးအကြိမ် အဖြစ် ဆန်တန်ချိန် ၂၅၇၅ ခန့် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ Mr. Oknha Chan Sokheang က (၂၆-၆-၂၀၂၃) တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချမှုဈေးကွက် စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် ကမ္ဘောဒီးယား ဆန်ဈေးကွက်ရှာဖွေရန် အမြဲကြိုးစားနေသည့် ခမာစားနပ်ရိက္ခာအဖွဲ့နှင့် တော်ဝင် အစိုးရ၏ ပထမဆုံးအကြိမ် အကြီးစားတင်ပို့မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Mr. Sokheng က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ လာရောက်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ အပါအဝင် အခြားနိုင်ငံများမှ အစိုးရအကြီးအကဲများနှင့် တွေ့ဆုံရာတွင် ကမ္ဘောဒီးယားဆန်များကို ပိုမိုဝယ်ယူပေးကြရန် ဝန်ကြီးချုပ်ဟွန်ဆန်က တောင်းဆိုခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အထူးသဖြင့် Green Trade ကုမ္ပဏီနှင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအပြင် ၎င်း၏ ကြိုးစားအားထုတ်မှုတို့အတွက် ဖိလစ်ပိုင်တွင် ဆန်ဈေးကွက်ဖွင့်လှစ်ရန် ဦးဆောင်ခဲ့သော ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Pan Sosak က ချီးကျူးဂုဏ်ပြုခဲ့ပြီး အခြားသော ဈေးကွက်ရှာဖွေမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Ms. Maria Amelita C Aquino ကလည်း ဆန်ကုန်သွယ်မှု တိုးတက်ခြင်းနှင့် အထူးသဖြင့် ဖိလစ်ပိုင်ဈေးကွက်သို့ ကမ္ဘောဒီးယားဆန် တင်ပို့နိုင်မှု ကို ချီးကျူးခဲ့သည်။ အခြားသော ဆန်တင်သွင်းသူများထံသို့ ကမ္ဘောဒီးယား၏ အလားအလာရှိသည့် ဆန်များကို မှာယူနိုင်ကြောင်း နမူနာအဖြစ် ပြသနိုင်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်များနှင့်အတူ Khmer Food Group မှ အဆိုပါ ဆန်တင်ပို့မှုကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Source: The Hindu Business Line, 27 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

နိုင်ငံတော်အရန်ရိက္ခာမှ ပဲစင်းငုံများကို ပြည်တွင်းဈေးကွက်သို့ အိန္ဒိယအစိုးရက ရောင်းချပေးမည်

ပြည်တွင်း၌ ဈေးနှုန်းများကို ထိန်းသိမ်းထားနိုင်ရန် ချိန်ညှိသည့် နည်းလမ်းတစ်ရပ်အဖြစ် ပြည်ပမှတင်သွင်းသော ပဲစင်းငုံများ အများအပြား ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာချိန်အထိ နိုင်ငံတော် အရန်ရိက္ခာထားရှိမှုမှ ပဲစင်းငုံများကို ရောင်းချပေးရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

သင့်လျော်သောပဲခွဲစက်များမှတစ်ဆင့် စားသုံးသူများအတွက် ပဲစင်းငုံ ခွဲခြမ်းများ ရရှိနိုင်မှုကို တိုးမြင့်လာစေရန်အတွက် သိုလှောင်ထားသည့် ပဲများအား အင်တာနက်ကွန်ယက် လေလံစနစ်ဖြင့် ရောင်းချရန် အမျိုးသားလယ်ယာသမဝါယမစျေးကွက်အဖွဲ့ချုပ် (NAFED) နှင့် အမျိုးသားသမဝါယမ စားသုံးသူများအဖွဲ့ချုပ် (NCCF) တို့ကို အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။

လေလံပွဲများ၏ အကြိမ်အရေအတွက်နှင့် ရောင်းချမည့်ပမာဏများကို စားသုံးသူများအတွက် တတ်နိုင်သောဈေးနှုန်းဖြင့် ပဲစင်းငုံများ ရရှိနိုင်မှုနှင့် အကျိုးသက်ရောက်မှုတို့အပေါ် အခြေခံ၍ ချိန်ညှိမည်ဖြစ်ကြောင်း စားသုံးသူရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

မုတ်သုံလေနှောင့်နှေးမှု အခြေအနေနှင့် ပြည်တွင်းဈေးကွက်သို့ ပေးသွင်းနိုင်မည့် လက်ကျန် လျော့နည်းမှုတို့ကြောင့် လွန်ခဲ့သော လများတွင် ပဲစင်းစုံဈေးများ မြင့်တက်ခဲ့ပါသည်။ မိုးရွာသွန်းမှု အားနည်းခြင်းက ဇွန်လ ၂၃ ရက်အထိ ပဲစင်းငုံစိုက်ပျိုးနိုင်မှုမှာ ယမန်နှစ် အလားတူကာလရှိ ဟက်တာ ၁  သိန်း ၈ သောင်းနှင့် နှိုင်းယှဉ်ပါက သုံးပုံနှစ်ပုံခန့် လျော့နည်းလျက် ဟက်တာ ၆၂၀၀၀ ဝန်းကျင်သာ ရှိခဲ့သည်။ အဓိကအားဖြင့် ကာနာတကာနှင့် မဟာရသျှတပြည်နယ်တို့တွင် မိုးရွာသွန်းမှု နည်းပါးခြင်း ကြောင့် ပဲစင်းငုံ စိုက်ပျိုးပြီးစီးမှု လျော့နည်းခဲ့ပါသည်။

လွန်ခဲ့သည့်လအတွင်း ပဲစင်းငုံပျမ်းမျှဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၈ ရူပီးကျော်အထိ မြင့် တက်လာခဲ့သည်။ စားသုံးသူရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  နိုင်ငံတစ်ဝှမ်း ပဲစင်းငုံ ၁ ကီလိုဂရမ်၏ ပျမ်းမျှလက်လီဈေးနှုန်းသည် မေ ၂၉ ရက်ရှိ ၁၂၁.၂၄ ရူပီးနှုန်းနှင့် နှိုင်းယှဉ်ပါက ဇွန် ၂၆ ရက် တနင်္လာနေ့တွင် ၁၂၉.၄ ရူပီးနှုန်းဖြင့် အမြင့်ဆုံးထိ ရောက်ရှိခဲ့ပါသည်။ အမြင့်ဆုံး လက်လီဈေးနှုန်းအဖြစ် ကီရာလာပြည်နယ် Kollam မြို့တွင် မေလ ၂၉ ရက်ရှိ ၁၅၂ ရူပီးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁ ကီလို ဂရမ်လျှင် ၁၈၀ ရူပီးနှုန်း ရှိကြောင်း၊ အနိမ့်ဆုံး လက်လီဈေးနှုန်းမှာ မီဇိုရမ်ပြည်နယ်ရှိ Hnanthial ခရိုင်၌ မေလ ၂၉ ရက်နေ့ ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိပဲ ၁ ကီလိုဂရမ်လျှင် ရူပီး ၈၀ နှုန်းဖြစ်ကြောင်း သိရသည်။

ဈေးကွက်အတွင်း ရောင်းလိုအားမြှင့်တင်ရန်အတွက် အစိုးရသည် ၂၀၂၄ ခုနှစ် မတ်လအထိ မတ်ပဲနှင့် ပဲစင်းငုံကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည်။ သိုလှောင် ဈေးကစားမှုများကို တားဆီး နိုင်ရန်အတွက် ၁၉၅၅ ခုနှစ် အရေးကြီးကုန်စည် အက်ဥပဒေကို ကျင့်သုံးလျက် ယခုနှစ် အောက်တိုဘာ လ ၃၁ ရက်နေ့အထိ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအားလုံး၌ ပဲစင်းငုံနှင့် မတ်ပဲ သို‌လှောင်ထား ရှိနိုင်မည့် ပမာဏကန့်သတ်ချက်များကို ဇွန်လ ၂ ရက်နေ့တွင် အိန္ဒိယအစိုးရက ချမှတ်ခဲ့ပါသည်။

ပြည်နယ်အစိုးရများအနေဖြင့် သက်ဆိုင်ရာနယ်မြေဒေသအလိုက် ပဲစျေးနှုန်းများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး သိုလှောင်နိုင်မှုပမာဏ ကန့်သတ်ချက်အား ဖောက်ဖျက်သူများကို အရေးယူနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

Source: The Hindu Business Line, 27 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပူပြင်းခြောက်သွေ့ရာသီကြောင့် မလေးရှားဆီအုန်းအထွက်နှုန်း လျော့ကျလာ

မလေးရှားနိုင်ငံ၏  ဆီအုန်းအကြီးဆုံးထုတ်လုပ်သည့် ဆာဗားပြည်နယ်ရှိ ဆီအုန်းနယ်မြေများသည် အယ်လ်နီညို၏ အစောပိုင်းကာလ အရိပ်ငွေ့များကြောင့် စိုက်ပျိုးရေပြတ်လပ်မှုကို ကြုံတွေ့လာရခြင်း၊ အထွက်နှုန်းများ လျော့ကျလာခြင်း၊ အစေ့အဆံ ဖြစ်ထွန်းမှု ပိုမိုဆိုးရွားစွာ လျော့ကျလာခြင်းတို့အပြင် လွန်ခဲ့သော ၃ နှစ်ကတည်းက လုပ်သားအင်အားမှာလည်း ပြတ်လပ်လာကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံသည် မိုးရေချိန်လျော့ နည်းမှုနှင့် အပူချိန် ၀.၅ ဒီဂရီ စင်တီဂရိတ်မှ ၁.၀ ဒီဂရီ စင်တီဂရိတ်အကြား မြင့်တက်လာမှုတို့နှင့်အတူ ယခုနှစ် ဇွန်လမှ နိုဝင်ဘာလအထိ ဖြစ်ပေါ်နိုင်မည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်ထိခိုက်ကို အားအနည်းငယ်မှ အသင့်အတင့်သာရှိရန် မျှော်လင့်လျက်ရှိသည်။

ရာသီဥတုဆိုင်ရာ စိုးရိမ်ပူပင်မှုများကြောင့် ၎င်းတို့အနေဖြင့် အထွက်ပမာဏ ခန့်မှန်းချက်ကို လျော့ချခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၌ ထုတ်လုပ်မှု ၁၀% မှ ၁၅% အထိ ကျဆင်းနိုင်ကြောင်းဖြင့် ဆာဗားပြည်နယ်မှ အလယ်အလတ်အဆင့် စိုက်ပျိုးရေးကုမ္ပဏီတစ်ခု၏ အကြီးတန်းမန်နေဂျာဖြစ်သူ Mark Adrian  က ပြောဆိုပါသည်။

ဆာဗားပြည်နယ်ရှိ ဆီအုန်းစိုက်ပျိုးသူများက ဖေဖော်ဝါရီလမှ စတင်၍ ရာသီဥတုပူပြင်းမှုကြောင့် ရိတ်သိမ်းရရှိသည့် ဆီအုန်းသီးနှံများ၏ အလေးချိန်မှာ ၁၀% မှ ၁၅% အကြား ကျဆင်းခဲ့ကြောင်း၊ ဤဖြစ်စဉ်သည် သီးနှံအများအပြားထွက်ရှိမည့် လာမည့် ဇူလိုင်မှ စက်တင်ဘာလအထိ သက်ရောက်မှုရှိနိုင်ကြောင်း ပြောဆိုလျက်ရှိကြသည်။

ခြံမြေမန်နေဂျာတစ်ဦးဖြစ်သူ Fabian Lim က ၎င်း၏ ဆီအုန်းသီးနှံများ အရွယ်အစားမှာ သေးငယ်လာသည့်အပြင် ရေပြတ်လပ်မှုအရိပ်အငွေ့ ကြုံတွေ့လာရကြောင်း၊ နှစ်စဉ်ပျမ်းမျှအားဖြင့် ဆီအုန်းတစ်ခိုင်လျှင် ၂၂ ကီလိုဂရမ်ရှိရာမှ မေလခူးဆွတ်ရရှိမှုတွင် တစ်ခိုင်လျှင် ၂၀ ကီလိုဂရမ်သာရှိကြောင်း ပြောကြားခဲ့သည်။

ဘော်နီယိုကျွန်းရှိ အဆိုပါဆာဗားပြည်နယ်သည် မလေးရှားနိုင်ငံ ဆီအုန်းစိုက်ပျိုးဧရိယာ၏ ၂၇ ရာခိုင်နှုန်းရှိကြောင်း၊ ကမ္ဘာ့ဈေး အသက်သာဆုံး စားသုံးဆီအတွက် ဝယ်လိုအားမှာ ကြီးထွားလာသော်လည်း လွန်ခဲ့သော ၄ နှစ်ကျော်ကတည်းက မလေးရှားဆီအုန်းထုတ်လုပ်မှုမှာ တိုးတက်မှုမရှိကြောင်း၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်းနှင့် ရုရှား-ယူကရိန်းအရေးခင်းကြောင့် ကုန်ကျစရိတ်များ ဖောင်းပွလာခြင်းတို့ ဖြစ်ပေါ်လာခဲ့သည့်အပြင် ဓာတ်မြေဩဇာ တစ်စိတ်တစ်ပိုင်း ပြတ်လပ်မှုကြောင့် ဆီအုန်းစိုက်ပျိုးသူများအနေဖြင့် ရောင်းလိုအားကျပ်တည်းမှု နောက်ထပ် ၁ နှစ် ကြုံတွေ့ လာနိုင်ချေအပေါ် အားတင်းနေကြရကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြသည်။

မလေးရှားအစိုးရအနေဖြင့် အလုပ်ခန့်ထားခြင်းဆိုင်ရာကန့်သတ်ချက်များကို ဖြေလျှော့ပြီးသည့်နောက် ၂၀၂၃ ခုနှစ်တွင် မလေးရှားသို့ ရွှေ့ပြောင်းခိုလှုံသူများ၌ ကပ်ရောဂါကြောင့် ဖြစ်ပေါ် လာသော ဆိုးရွားလာသည့် လုပ်သားပြဿနာသည် စတင်သက်သာလာခဲ့သော်လည်း ဆီအုန်းလုပ်ငန်းသည် အဓိကရိတ်သိမ်းရာသီဖြစ်သည့် ဇူလိုင်မှ စက်တင်ဘာလအထိ မတိုင်မီတွင် လုပ်သားလိုအပ်မှုကို ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

Source: The Edge Malaysia, 15 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဩစတေးလျထောပတ်သီးများ အိန္ဒိယသို့ စမ်းသပ်တင်သွင်း

အိန္ဒိယနိုင်ငံ၌ လတ်ဆတ်သီးနှံ တင်သွင်းသည့်လုပ်ငန်းများအနက် အဓိကဦးဆောင်သူ ကုမ္ပဏီတစ်ခုဖြစ်သော  IG International သည် ဩစတေးလျထောပတ်သီးများကို ပထမဆုံးအကြိမ် စမ်းသပ်တင်သွင်းမှုအနေဖြင့် မွန်ဘိုင်းဈေးကွက်သို့ တင်သွင်းခဲ့ကြောင်း သိရှိရသည်။ 

IG International ၏ ထုတ်ပြန်ချက်တွင် ဩစတေးလျကုမ္ပဏီ Avolution နှင့် ပူးပေါင်းလျက် ဩစတေးလျထောပတ်သီးများ တင်သွင်းမှုသည် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက် ချောမွေ့မှုနှင့် ကျယ်ပြန့်သော ပြည်ပဝယ်ယူမှုကွန်ယက်တို့ဖြင့် ချိတ်ဆက်ထားသည့် စနစ်တကျစီစဉ်ထားရှိသော မဟာဗျူဟာကျသည့်စနစ်ကို သက်သေပြနိုင်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ သီးနှံထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုရန်နှင့် အိန္ဒိယစားသုံးသူများအတွက် အရသာဆိုင်ရာ အတွေ့အကြုံများ တိုးမြှင့်စေရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

မကြာသေးမီနှစ်များအတွင်း ထောပတ်သီးသည် ဘက်စုံသုံးစွဲနိုင်မှုနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကြောင့် စားသုံးမှု များပြားလာခဲ့ကြောင်း၊ အရည်အသွေးပြည့်မီကြောင်း သိရှိသည့် စားသုံးသူများက ဩစတေးလျထောပတ်သီးများကို ပိုမိုရှာဖွေစားသုံးလျက်ရှိကြောင်း၊ IG International အနေဖြင့် ၎င်းထောပတ်သီးသွင်းကုန်များ တင်သွင်းခြင်းဖြင့် အိန္ဒိယတွင် အာဟာရဓာတ်ပြည့်ဝသော သစ်သီးဝလံ စားသုံးမှုများပြားစေရန် ရည်ရွယ်လျက် ပရီမီယံအရည်အသွေးရှိသည့် ထောပတ်သီး ၁၇၆ ပုံး တင်သွင်းခဲ့ကြောင်းဖြင့် The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

Source:  The Hindu Business Line, 19 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားနိုင်ငံ၌ သီဟိုဠ်စေ့ မူဝါဒ (၂၀၂၂-၂၀၂၇) ကို ထုတ်ပြန်

ကမ္ဘောဒီးယားနိုင်ငံသည် ဦးစားပေး စက်မှုလယ်ယာသီးနှံတစ်မျိုးဖြစ်သော သီဟိုဠ်စေ့၏ ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်မှုကို တိုးမြှင့်နိုင်ရေးအတွက် အမျိုးသားအဆင့် သီဟိုဠ်စေ့ဆိုင်ရာမူဝါဒ (၂၀၂၂-၂၀၂၇) ကို ဇွန်လ ၁၅ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့ပါသည်။

စာမျက်နှာ ၁၀၆ မျက်နှာအထိ ပါဝင်သော အဆိုပါမူဝါဒအသစ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့၊ ဝန်ကြီးများကောင်စီအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယား သီဟိုဠ်စေ့၏ ယှဉ်ပြိုင်မှုစွမ်းအား ရေရှည်တည်တံ့စေပြီး စီးပွားရေးဈေးကွက် ဖြန့်ကျက်နိုင်မှု ရှိစေရန်နှင့် မကြာမီအနာဂတ်၌ နိုင်ငံအတွင်း၊ အာဆီယံဒေသအတွင်းနှင့် ကမ္ဘာ့ဈေးကွက်တို့တွင် အဓိက သီဟိုဠ်စေ့ ထုတ်လုပ်သူနှင့် တင်ပို့သူအဖြစ်သို့ အသွင်ပြောင်းလဲစေရရန်အလို့ငှာ  ထုတ်လုပ်မှု၊ ကိုင်တွယ်ပြုပြင်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု အခြေအနေတို့ကို တိုးတက်စေရန် ရည်ရွယ်ရေးဆွဲခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Pan Sorasak က ပြောကြားခဲ့သည်။

အဆိုပါ သီဟိုဠ်စေ့ဆိုင်ရာမူဝါဒသည် သီဟိုဠ်စေ့၏ အထွက်နှုန်း၊ အရည်အသွေး၊ ကွဲပြားမှု၊ ထုတ်လုပ်မှုဖြစ်စဉ်၊ တင်ပို့မှုနှင့် တန်ဖိုးမြှင့်တင်မှုတို့တွင် ထုတ်လုပ်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေမည့် မောင်းနှင်အားတစ်ရပ်ဖြစ်ပြီး လမ်းပြမြေပုံတစ်ခုလည်းဖြစ်ကြောင်း၊ ဈေးကွက်အဟောင်းများကို ထိန်းသိမ်းသကဲ့သို့ ရေရှည်တည်တံ့သော ဈေးကွက်အသစ်များကို ရှာဖွေခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထပ်ဆင့်တိုးတန်ဖိုးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ အကျိုးရလဒ်အားဖြင့် ဆင်းရဲမှုလျှော့ချခြင်း၊ လုပ်သားရွှေ့ပြောင်းမှုဖြစ်စဉ်များ လျှော့ချခြင်းနှင့် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုတို့ကို အထောက်အပံ့ပြုမည်ဖြစ်ကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။

ကမ္ဘောဒီးယား လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် သီဟိုဠ် စိုက်ပျိုးဧရိယာ ၄၃၅၇၃၃ ဧကအနက် ၃၃၀၈၆၁ ဧကမှ ရိတ်သိမ်းခူးဆွတ်နိုင်ခဲ့ကြောင်း၊ အထွက်ပမာဏမှာ တန်ချိန် ၅၀၈၂၈၃ တန် ရှိကြောင်း၊ ၎င်းအနက် လတ်ဆတ်သီဟိုဠ်စေ့တန်ချိန် ၄၇၁၅၂၀ တန်နှင့် ပြုပြင်ထုတ်လုပ်သည့် ကုန်စည်တန်ချိန် ၁၅၅၇ တန်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

Source: Khmer Times, 16 June 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ