ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘာ့ဈေးကွက်၌ နေကြာဆီဈေးနှုန်းများ ကျဆင်းနေခြင်း

      Economica.net ၏ အစီရင်ခံစာတွင်  ပင်လယ်နက် (Black Sea) ဒေသတွင်း၌ နေကြာဆီ လက်ကားဈေးနှုန်းသည် (၂) လအတွင်း၌ ၁၅ % ကျဆင်းခဲ့ပါကြောင်း၊ နေကြာဆီ ၁ တန်လျှင် တူရကီဆိပ်ကမ်းများတွင် ဒေါ်လာ ၉၉၀၊ ဘူလ်ဂေးရီးယားနိုင်ငံ ဗာနာဆိပ်ကမ်း၌ ဒေါ်လာ ၉၈၀ နှင့် ယူကရိန်းဆိပ်ကမ်းများတွင် ဒေါ်လာ ၉၀၀ ခန့် အသီးသီး ဈေးနှုန်းများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ နောက်ဆုံးအကြိမ် နေကြာဆီဈေးနှုန်း အနိမ့်ဆုံးဖြစ်ပေါ်ခဲ့မှုမှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင်ဖြစ်ရာ ယခုအခါ ၂ နှစ်ခွဲတာကာလအတွင်း အနည်းပါးဆုံး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

   ဥရောပဈေးကွက်တွင် ရောင်းလိုအားများပြားခြင်း၊ ပဲပုပ်ဆီနှင့် မုံညင်းဆီတို့ ဈေးနှုန်းများ နိမ့်ကျလျက်ရှိပြီး ဈေးကွက်၌ အဆိုးမြင်မှုများရှိခြင်းတို့အရ နေကြာဆီဈေးနှုန်းများသည်  ကာလ အတန်ကြာအထိ အနိမ့်ဈေး၌ တည်ရှိနေဦးမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းလျက်ရှိသည်။ တစ်ပြိုင်နက်တည်းပင် ယူကရိန်းနိုင်ငံ၌ စစ်ပွဲကြောင့် နေကြာရိတ်သိမ်းရရှိမှုသည် ယခင်နှစ်များ ထက် ပမာဏအားဖြင့် နည်းမည်ဖြစ်သောကြောင့် လအနည်းငယ်အတွင်း၌ပင် နေကြာဆီ ဈေးနှုန်း များ မြှင့်တက်လာမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ခန့်မှန်းထားသည်။

     သို့သော်လည်း ကမ္ဘာ့ဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှုများသည် ပြည်တွင်းစားသုံးသူများ၏ ဈေးနှုန်းများအပေါ် သက်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရပေသည်။

Source: Hungary Posts English, 20 March, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သကြားတင်သွင်းခွန်များ လျှော့ချခြင်း

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် သကြားတင်သွင်းခွန်နှင့် တန်ဖိုးမြှင့်အခွန် (Value Added Tax) များကို လျှော့ချမည်ဖြစ်ရာ အမှန်တကယ်တွင် ၁ ကီလိုဂရမ်လျှင် တာကာငွေ ၄.၅ နှုန်း ဈေးလျှော့ချရန်ဖြစ်သော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သကြားကြိတ်ခွဲသည့်လုပ်ငန်းများနှင့် ကျိုချက်သန့်စင်သည့်လုပ်ငန်းများကို လက်လီအဆင့်အနေဖြင့် သကြားဈေးနှုန်းအား ၁ ကီလိုဂရမ်လျှင် ၅ တာကာနှုန်း ဈေးလျှော့ချစေရေး တောင်းဆိုသွားမည် ဖြစ်သည်။

       အဆိုပါ အခွန်များလျှော့ချပြီး တင်သွင်းလာသော သကြားကုန်ကြမ်းများသည် လာမည့် ရက်သတ္တပတ်အတွင်း ဈေးကွက်အတွင်း ဝင်ရောက်လာမည်ဖြစ်၍ သကြား လက်လီဈေးနှုန်းများ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး Tipu Munshi က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်း (TCB) ၏ စာရင်းများအရ ဒါကာမြို့၊ လက်လီဈေးကွက်တွင် သကြား ၁ ကီလိုဂရမ်လျှင် တာကာငွေ ၁၁၅ မှ ၁၂၀ အတွင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Source: The Daily Star, 19 March, 2023

အိန္ဒိယဆီစက်လုပ်ငန်းရှင်အသင်းနှင့် မလေးရှား စားအုန်းဆီထုတ်လုပ်သည့် အသင်းများ MoU ‌ရေးထိုးခြင်း

        စဉ်ဆက်မပြတ်ထိန်းသိမ်းမှုစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် စားအုန်းဆီဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (Malaysian Sustainable Palm Oil – MSPO) ရရှိသည့် မလေးရှားနိုင်ငံ၊  ဆာရာဝပ်ပြည်နယ်မှ စားအုန်းဆီများ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်နိုင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်စောင်ကို SEA ခေါ် အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း (Solvent Extractors’ Association of India) နှင့် မလေးရှားနိုင်ငံရှိ စားအုန်းဆီစိုက်ပျိုးထုတ်လုပ်သည့် အသင်းအဖွဲ့ ၃ ခုတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

           အဆိုပါ MoU အရ အိန္ဒိယ SEA ကုန်သည်အသင်းသည် အဓိကအားဖြင့် ဆာရာဝပ် ပြည်နယ်အတွင်း အမှီအခိုကင်းသည့် ဆီအုန်းစိုက်ပျိုးသူ လုပ်ငန်းငယ်များ၏ စဉ်ဆက်မပြတ် ထိန်းသိမ်းမှုစနစ်ဖြင့် စားအုန်းဆီ ထုတ်လုပ်မှုနှင့် စီမံခန့်ခွဲမှုတို့ကို ကူညီထောက်ပံ့ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့်အညီ အဆိုပါနည်းစနစ်ဖြင့် ထုတ်လုပ်သည့် စားအုန်းဆီများ မြှင့်တင်ရေး ချိတ်ဆက်မှုနှင့် ပူးပေါင်းလုပ်ကိုင်မှုများ ဆောင်ရွက်ခြင်း၊ ဆာရာဝပ်ပြည်နယ်ရှိ ဆီအုန်းစိုက်ပျိုးသူ လုပ်ငန်းငယ်များက ထုတ်လုပ်သည့် MSPO လက်မှတ်ရ စားအုန်းဆီများ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်မှု ချဲ့ထွင်ခြင်း လုပ်ငန်းနယ်ပယ်များတွင်  မလေးရှားကုန်သည် အသင်းများ ဖြစ်သည့် Solidaridad, DOPPA နှင့် PVATM တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

The Hindu Business Line, 14 Mar 2023

တိုင်း‌ဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ကာလတူ ဈေးနှုန်းစာရင်း

   တိုင်း‌ဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တောင်ငူမြို့တွင် ရာသက်ပန်အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

      Diamond Dragon Co.,Ltd ၏ တောင်ငူမြို့ ကိုယ်စားလှယ်ဖြစ်သော အောင်စားသုံးဆီ အရောင်းဆိုင်သည် တောင်ငူခရိုင်အတွင်းမှ အခြေခံလူတန်းစားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများပါ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို မော်တော်ယာဉ်ဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိပါသည်။

      ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တောင်ငူမြို့နယ်၊ ပွတ်စုကျေးရွာ အုပ်စုမှ အခြေခံလူတန်း စား စားသုံးသူပြည်သူများအား Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ ပိဿာ ၆၆၀ ကို တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် လှည့်လည်ရောင်းချပေးလျှက်ရှိရာ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

         Diamond Dragon Co.,Ltd သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှစ၍ တောင်ငူခရိုင်အတွင်း Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လလယ်ပိုင်းအထိ အဆင့်မြင့် စားအုန်းဆီ ၆၈၁၁၂ ပိဿာ (၁၁၁.၂၅ တန်)ရောင်းချပေးခဲ့ပြီးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၂ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ဈေးနှုန်း စံချိန်တင်မြင့်တက်

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ စားအုန်းဆီထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံ၌ ဟင်းချက်ဆီဈေးနှုန်း စံချိန်တင်မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ ဟင်းချက်ဆီရောင်းလိုအား လျော့နည်းကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရပြီး သာမန်ထုပ်ပိုးမှုဖြင့်ရောင်းချသည့် စားအုန်းဆီ တစ်လီတာ လျှင် အမေရိကန်ဒေါ်လာ ၁.၁၅ (1 Kg/1.035 USD) ထိ ပြည်တွင်းဈေးနှုန်း မြင့်တက်မှုဖြစ်ပေါ်ခဲ့ ကြောင်းသိရပါသည်။ ကမ္ဘာ့ဈေးကွက်တွင် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းမှာ ရှရှား-ယူကရိန်း ပဋိပက္ခကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ သိသိသာသာဈေးနှုန်း မြင့်တက်ခဲ့ပါသည်။ အင်ဒို နီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး Mr. Lutfi က အမြင့်ဆုံး လက်လီဈေးနှုန်း (Highest Retail Price-HET) မဖွင့်မီ စားအုန်းဆီအမျိုးအစားအပေါ်မူတည်ပြီး ဈေးနှုန်းတစ်မျိုးတည်းသတ်မှတ်သည့် ညွှန်ကြားချက်ကို မူဝါဒတစ်ခုအနေဖြင့် ချမှတ်ခဲ့ပါသည်။ ဟင်းချက်ဆီအတွက် ကုန်ကြမ်းပစ္စည်း များနှင့် စားအုန်းဆီကြမ်း(CPO) တင်ပို့သူ(Exporters)များက အဆိုပါညွှန်ကြားချက်ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရပါသည်။ ဈေးနှုန်းသတ်မှတ်သည့် အဆိုပါညွှန်ကြားချက်သည် ပြည်တွင်း စားအုန်းဆီလိုအပ်ချက်(DMO)ကို ဖြည့်ဆည်းနိုင်ရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်း ဖော်ပြထားပါသည်။
၂၀၂၂ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ဆန်၊ ဟင်းချက်ဆီနှင့် ငရုတ်သီး စသည့် အစားအစာ အမျိုးအစားမျိုးစုံ၏ ကုန်ဈေးနှုန်းများ ကြီးမြင့်ခဲ့ပြီး ဈေးနှုန်း ဂယက်ရိုက်မှုပင် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ်၌ ဟင်းချက်ဆီသည် လူတို့၏ အာရုံစူးစိုက်မှုအများဆုံး အစားအစာ ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုဖြစ်ပေါ် ရခြင်း၏ အဓိကအကြောင်းအရင်းတစ်ရပ်လည်းဖြစ်ခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံ စားအုန်းဆီ ရန်ပုံငွေအဖွဲ့ (BPDPKS) က ၂၀၂၂ ခုနှစ်အတွင်း အင်ဒိုနီးရှား နိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ စားအုန်းဆီ တန်ချိန် ၃၄.၆၇ သန်း တင်ပို့ရန် ခန့်မှန်း တွက်ချက်ခဲ့ကြောင်း သိရှိရပါသည်။ ယင်းခန့်မှန်းချက်သည် ၂၀၂၁ ခုနှစ်ထက် တန်ချိန် ၂ သန်းခန့် လျော့ချခန့်မှန်းထားခြင်းဖြစ်ပြီး တန်ချိန် ၃၄.၆၇ သန်းခန့် မျှော်မှန်းချက်အပြည့်တင်ပို့နိုင်ခဲ့ ကြောင်းသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားအုန်းဆီကြမ်း (CPO)နှင့် ဆက်စပ်ပစ္စည်းများတင်ပို့မှုကို ၂၀၂၂ ခုနှစ်၊ ဧပြီလကုန်ပိုင်း၌ တားမြစ်ခဲ့ပါသည်။ တင်ပို့မှုကန့်သတ်ချက်များအား တဖြည်းဖြည်းဖြေလျော့ပေးပါက ၂၀၂၃ ခုနှစ် အတွင်း စားအုန်းဆီ တန်ချိန် ၃၆ သန်းမှ ၃၈ သန်းကြား တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်းသိရှိ ရပါသည်။
Source:https://www.tridge.com/stories/w51-palm-oil-update?utm_medium=email& utm_source=interaction&utm_campaign=market_updates_digest_2023-01-02_monday

DOCA(ITQM)

အင်ဒိုနီးရှားနိုင်ငံက ပြည်တွင်းစားအုန်းဆီဖူလုံမှုရှိစေရန် ဇန်နဝါရီ ၁ ရက်မှစတင်၍ စားအုန်းဆီပြည်ပတင်ပို့မှုကို တင်းကြပ်သွားမည်

၂-၁-၂၀၂၃

          အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းစားအုန်းဆီဖူလုံမှုရှိစေရန် ဆောင်ရွက်ချက်အနေဖြင့် ပြည်တွင်းရောင်းချသောပမာဏအပေါ်မူတည်၍ ပြည်ပတင်ပို့မှုခွင့်ပြုသည့်ပမာဏကို  လျော့ချမည့် ပို့ကုန်စည်းမျဉ်းအသစ်ကို ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ ဆောင်ရွက်သွားမည်ဟု အစိုးရ တာဝန်ရှိသူများက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားသည်။

      အတည်ပြုထားပြီးဖြစ်သော စည်းမျဉ်းအသစ်အရ  ပို့ကုန်လုပ်ငန်းရှင်များအား လက်ရှိ ပြည်တွင်းရောင်းအား၏ ၈ ဆ တင်ပို့ခွင့်ပြုရာမှ ၆ ဆကိုသာ စားအုန်းဆီတင်ပို့ခွင့်ပြုသွားမည် ဖြစ် ကြောင်း၊ အထူးသဖြင့် ၂၀၂၃ ခုနှစ် ပထမ သုံးလပတ်ကာလတွင် ပြည်တွင်းလုံလောက်မှုရှိစေရန် မူဝါဒပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ မူဝါဒအပြောင်းအလဲကြောင့် ယခင်ထက် ဈေးနှုန်း ၂ ရာခိုင်နှုန်းခုန်တက်ခဲ့ကြောင်း သိရှိရပါသည်။         

            ဟင်းချက်ဆီရရှိနိုင်မှုနှင့် ဈေးနှုန်းအပါအဝင် ပြည်တွင်းကုန်ကြမ်းထွက်ရှိမှုအခြေအနေများ ကိုပါ ထည့်သွင်းစဉ်းစား၍ DMO အချိုးအစားကို အခါအားလျော်စွာ အကဲဖြတ်သွားမည်ဖြစ်ကြောင်း ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းမှုရေးရာဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Septian Hario Setio က ပြောကြားသည်။

     ၂၀၂၂ ခုနှစ် အစောပိုင်းကာလတွင် အင်ဒိုနီးရှားနိုင်ငံသည် ဟင်းချက်ဆီဈေးနှုန်းများ မြင့်တက်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် စားအုန်းဆီထုတ်ကုန်များအပေါ်  ပို့ကုန်အစီအမံများကို စတင်ပြဋ္ဌာန်းခဲ့ကြောင်း၊ အင်ဒိုနီးရှားမှ စားသုံးဆီများတင်ပို့မှု ခေတ္တပိတ်ပင်လိုက်ခြင်းကြောင့် ဈေးကွက်များကို တုန်လှုပ်စေခဲ့ပြီး လက်ရှိကမ္ဘာ့စားသောက်ကုန်ပြတ်လပ်မှုအပေါ် စိုးရိမ်ပူပန်မှုများ ပိုမိုဆိုးရွားလာကာ ပြည်တွင်း၌ ဆီသိုလှောင်မှုများ မြင့်တက်လာခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စားအုန်းဆီပြည်ပတင်ပို့မှုနှင့် စပ်လျဉ်း၍ ပြည်တွင်းဈေးကွက်ရောင်းချရန်တာဝန် (Domestic Market Obligation - DMO) ဟု ခေါ်သော အစီအမံကို ကျင့်သုံးနေသည့်အတွက် ပြည်တွင်း ဈေးကွက်တွင်  သတ်မှတ်ထားသည့်ပမာဏ အချိုးအစားကို တာဝန်ကျေအောင် ရောင်းချမှသာလျှင် ပို့ကုန်ပါမစ်များ ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

          အစိုးရ၏ ဇီဝဒီဇယ်အစီအစဉ်နှင့် ပထမသုံးလပတ်ကာလတွင် စားအုန်းဆီအထွက်နှုန်း လျော့နည်းမည့် ခန့်မှန်းချက်ကြောင့် ဟင်းချက်ဆီလိုအပ်ချက်နှင့်စပ်လျဉ်း၍ စိုးရိမ်မှုရှိနေကြောင်းကို အစိုးရနှင့်တွေ့ဆုံသည့်အစည်းအဝေးတွင် အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) က ပြောကြားခဲ့ ကြောင်း၊ အစိုးရ၏ဇီဝဒီဇယ်ထုတ်လုပ်မှုအစီအစဉ်တွင် ယခင်က ဆီအုန်းပါဝင်မှု ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာမှ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ၃၅ ရာခိုင်နှုန်း တိုးမြင့်ရန် စီမံ ဆောင်ရွက်နေ ကြောင်း၊ ဆီအုန်းအထွက်နှုန်း ကျဆင်းမှုမရှိပါက ဆီအုန်းစက်ရုံများတွင် ဆီအုန်းခိုင်များ စုပုံမှုမရှိစေရေးနှင့် ဆီအုန်းစိုက်တောင်သူများ ဆုံးရှုံးမှုမရှိစေရေးအတွက် ပြန်လည်အကဲဖြတ် သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) ၏ အထွေထွေ အတွင်းရေးမှူး  Eddy Marono က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီကို အများဆုံးတင်သွင်းလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၏  စားအုန်းဆီတင်ပို့မှု မူဝါဒပြောင်းလဲမှုကြောင့် ပြည်တွင်း၌ စားအုန်းဆီဈေးနှုန်းအဆမတန် ကြီးမြင့် ခဲ့ပါသည်။ ယခုတဖန် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်သက်ရောက်မည့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု မူဝါဒ အသစ်ကြောင့် ပြည်တွင်း၌ စားသုံးဆီရှားပါးခြင်းများ မဖြစ်ပေါ်နိုင်သော်လည်း ဇန်နဝါရီလ နောက်ပိုင်းကာလတွင် ပြည်တွင်း၌ စားအုန်းဆီဈေးနှုန်းကြီးမြင့်နိုင်သည့်အလားအလာရှိကြောင်း လေ့လာသုံးသပ်ရပါသည်။

Source: https://economictimes.indiatimes.com

            https://www.bloomberg.com

ပွင့်ဖြူမြို့နယ်မှအိမ်တွင်းတစ်နိုင်တစ်ပိုင် ကွာစေ့လုပ်ငန်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးပွား

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၄-၁၂-၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့အနောက်ပိုင်းရပ်ကွက်အတွင်းရှိ “နေလကွာစေ့” လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်အေးဝင်း၏လုပ်ငန်းခွင်သို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

      “နေလကွာစေ့” လုပ်ငန်းကို လုပ်ကိုင်လာသည်မှာ နှစ်(၂၀)နီးပါးရှိပြီဖြစ်ပါကြောင်း၊ ကုန်ကြမ်းဖြစ်သော ဖရဲကွာစေ့များအား တညောင်ဒေသရှိ ရွာခံပွဲစားများထံးမှတဆင့် ဝယ်ယူရပါကြောင်း၊ တစ်နေ့လျှင် ဖရဲကွာစေ့ တင်း(၂၀)နီးပါးအသုံးပြုရပါကြောင်း၊ တစ်တင်းလျှင် ကျပ်(၃၇၀၀၀)ဖြင့်ဝယ်ရ၍ တင်း(၂၀)အတွက် ကျပ်(၇၄၀၀၀၀) ကုန်ကျပါကြောင်း၊ ပထမဦးစွာ ဖရဲကွာစေ့များအား အဖျင်းအမှော်များကိုသန့်စင်ရပါသဖြင့် သန့်စင်ခအနေဖြင့် လူ(၁)ဦးလျှင် ကျပ်(၈၀၀၀)ဖြင့် (၃)ဦးအတွက်ကျပ်(၂၄၀၀၀)ကုန်ကျပါကြောင်း၊ ထို့နောက် သန့်စင်ပြီးသောကွာစေ့များအား ထုံးရေကြည်စိမ်ရာတွင် ထုံးတစ်အိတ်လျှင် ကျပ် (၃၅၀၀)ဖြင့် တစ်အိတ်ခွဲဘိုးလျှင် ကျပ်(၅၂၅၀)ကုန်ကျပါကြောင်း၊ ထုံးရေကြည်တစ်ညစိမ်ပြီးလျှင် ထုံးဓါတ်များအား ကုန်စင်အောင် ရေဆေးရပါကြောင်း၊ ၎င်းနောက်စမုံ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)ဖြင့် (၁)ပိဿာခွဲဘိုး ကျပ်(၁၈၀၀၀)နှင့် ဆား(၁)အိတ်လျှင် ကျပ်(၈၀၀၀)ဖြင့် ရောနှော၍ ဖရဲကွာစေ့များအား ပေါင်းရပါကြောင်း၊ ထိုသို့ပေါင်းရာတွင် ထင်းဘိုးကျပ် (၂၀၀၀၀)ကုန်ကျပါကြောင်း၊ ပေါင်းပြီးသား ဖရဲကွာစေ့များအား နေလှမ်းရသဖြင့် နေလှမ်းရာတွင် တင်း(၂၀)အတွက် နေလှမ်းခအနေဖြင့် လူ(၁)ဦးလျှင် ကျပ်(၈၀၀၀)ဖြင့် (၅)ဦးအတွက် ကျပ်(၄၀၀၀၀)ကုန်ကျပါကြောင်း၊ ထို့နောက်ရရှိလာသောကွာစေ့များအား အထုပ်သေးများထုပ်ရာတွင် လူ(၁)ဦးလျှင် ကျပ်(၂၀၀၀)ဖြင့်တင်း(၂၀)အတွက် ကျပ်(၄၀၀၀၀)ကုန်ကျပါကြောင်း၊ ၎င်းနောက် အထုပ်သေးများအား ပါကင်ထည့်ရာတွင်လည်း လူ(၁)ဦးလျှင် တစ်နေ့လုပ်အားခမှာ ကျပ်(၇၀၀၀)ဖြင့် (၅)ဦးအတွက် ကျပ်(၃၅၀၀၀)ကုန်ကျပါကြောင်း၊ ထို့အပြင်တစ်နေ့လျှင် ဖရဲကွာစေ့  တင်း(၂၀)အတွက် ပလတ်စတစ်ဘိုး ကျပ်(၁၂၅၀၀၀)နှင့် အိတ်ပိတ်ရာတွင် အသုံးပြုသောမီးသွေးဖိုးမှာ ကျပ်(၅၀၀၀)ကုန်ကျပါကြောင်း၊ ထို့နောက် ပါကင်အိတ်များအား ပီနံအိတ်များတွင်ထည့်၍ ဖောက်သည်များဆီသို့ ပေးပို့ရာတွင် ပီနံအိတ်ဘိုး (၁)လုံးလျှင် ကျပ်(၁၂၅)ဖြင့် အလုံးရေ(၂၅)လုံးအတွက် ကျပ်(၃၁၂၅)ကုန်ကျပါကြောင်း၊ စုစုပေါင်းကုန်ကျစရိတ်မှာ (၁)နေ့လျှင် ဖရဲကွာစေ့ တင်း(၂၀)အတွက် ကျပ်(၁၀)သိန်းကျော် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၁)နေ့လျှင် ပျမ်းမျှ ကျပ်(၁)သိန်းခန့်ရရှိပါကြောင်း သိရှိရပါသည်။

          ဖရဲကွာစေ့တင်း(၂၀)တွင် အထုပ်သေး(၁၀)ထုပ်ပါ ပါကင်ထုပ်ရရှိပြီး အထုပ်သေး(၁၀)ထုပ်လျှင် ကျပ်(၃၇၀)ဖြင့်ဖောက်သည်ပေးရပါကြောင်း၊ ပါကင်ထုပ်(၁၂၅)ထုပ်ပါဝင်သော ပီနံအိတ်(၂၅)အိတ်ထုပ်ပိုး၍ ဖောက်သည်များသို့တင်ပို့ရောင်းချရပါကြောင်းနှင့် ဈေးကွက်အနေဖြင့် စလင်း၊ ဆင်ဖြူကျွန်း၊ ချောက်၊ မင်းဘူးနှင့် မကွေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း ဖရဲကွာစေ့လုပ်ငန်းပိုင်ရှင် ဒေါ်ခင်အေးဝင်းထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

“မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးသုံးဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်း”

       မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနေသော သွင်းအားစုများဖြစ်သည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများမှာ သြဘာပုလဲမြေသြဇာ N:46% ( ၁၀၆၀၀၀ )ကျပ်၊ ( ရွှေတောင်အိန္ဒိယ )ပန်းဖြူ N:46% မှာ ( ၉၈၀၀၀ )ကျပ်နှင့် အမို N:P:K-15:15:15 မှာ ( ၁၅၀၀၀၀ )ကျပ်၊ မြင်းကျား‌ရွှေပုလဲ N:46%  ( ၇၅၀၀၀ )ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ မှိုဆေးနှင့် ပိုးသတ်ဆေးများမှာ အဆီဖျတ် ( 250g ) ( ၁၁၀၀၀ )ကျပ်၊ အဆီဖိတ်  (500g ) ( ၂၀၈၀၀ )ကျပ်၊ ဇွန်ဘီ  (100g ) ( ၉၀၀၀ )ကျပ်၊  အလန်း ( 100g ) ( ၁၁၅၀၀ )ကျပ် ၊ ဒီမွန် ( 250g ) ( ၈၅၀၀ )ကျပ်၊ ဒါနာဒင် ( 100g ) ( ၆၀၀၀ )ကျပ်၊ စိုင်ကလုန်း ( 250g ) ( ၁၂၅၀၀ )ကျပ်၊ မက်ဂါပိုးကင်း ( 500g ) ( ၁၆၀၀၀ )ကျပ်နှင့် ရွှေနိဖော့ ( 100g ) ( ၇၀၀၀ )ကျပ်  ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

ရွှေလီသစ်သီးလက်ကားဈေးမပိတ်

          ရွှေလီသစ်သီးဈေးအတွင်း မြန်မာသရက်သီးများ ရောင်းချခွင့် ပိတ်ပင်ထားသည့်သတင်းများ ထွက်ပေါ်နေသော်လည်း  အမှန်အခြေအနေမှာ ဈေးအတွင်း လူသူများပြားစည်ကားနေခြင်းကြောင့် ကိုဗစ်ရောဂါကူးစက်မည့်အရေးရှိသဖြင့်ကျန်းမာရေးဌာနမှအရေးယူဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ မြန်မာသရက်သီးများ ယခုနှစ်ရာသီတွင် ပြုစုပျိုးထောင်မှု အားနည်းခဲ့သဖြင့်  အပုတ်ရောဂါမလွတ်ကင်း ခြင်းများပါဝင်နေရာ ဝယ်လက်များကတရုတ်ပြည်တွင်းဈေးကွက်များသို့ ပြန်လည်တင်ပို့ရန် ထုပ်ပိုးရာ တွင် အပုတ်အနာဖယ်ရှားပြီး အသန့် ပြန်လည်ထုပ်ပိုးရာ၌ အပုတ်အနာနှင့် အနံ့အသက်မှာ အမြင် မကောင်းဖြစ်နေသဖြင့် ကိုဗစ်မဟုတ်သော အခြားကျန်းမာရေးထိခိုက်မှုများ ဖြစ်ပွားနိုင်ဖွယ်ရှိနေသဖြင့် ကျန်းမာရေးနှင့်ညီညွတ်စေရန် ကျန်းမာရေးဌာနက လက်လီလက်ကား အရောင်းနှင့်သန့်ရှင်းရေး ကြပ် မတ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အပုတ်အနာရောဂါမလွတ်ကင်းခြင်းများကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ စိန်တလုံးနှင့်ရွှေဟင်္သာသရက်များ၏ ဈေးကွက်ကို အနည်းအများ ထိခိုက်စေကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန်သွင်းကုန်ခွန်လျှော့ချပြဌာန်း

          ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်တွင်းဆန်ဈေးကွက်အတွက် ဆန်များတင်သွင်းကြခြင်းဖြင့် ဆန် ဈေးနှုန်းမြင့်မတက်အောင်ထိန်းထားနိုင်ရန် ဆန်တင်သွင်းမှုအပေါ် စည်းကြပ်နေသည့်သွင်းကုန်ခွန် နှုန်းထားများကိုဇွန်လ၂၃ ရက်မှစ၍ အောက်တိုဘာ ၃၁ ရက်ထိဖြတ်တောက်လျှော့ချလိုက်ကြောင်း၊ ဆန်သွင်းကုန်များအပေါ်  ယခင်က စုစုပေါင်းသွင်းကုန်ခွန် ၆၂.၅ % စည်းကြပ်ခဲ့ရာမှ ယခု ၂၅% သို့ လျှော့ချပြဌာန်းပေးလိုက်သည်ဟု အမျိုးသားအခွန်များဘုတ်အဖွဲ့(NBR)က ပြောကြားခဲ့ကြောင်း၊ ဆန်တင်သွင်းမည့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် စားနပ်ရိက္ခာဝန်ကြီးဌာန၌ တင်သွင်းမှု တစ်ကြိမ်ချင်းစီအတွက် သွင်းကုန်ပါမစ် လျှောက်ထားရန်လိုအပ်ကြောင်း၊ စပါးရိတ်သိမ်းမှု အမြင့် ဆုံးရာသီ၌  ဆန် ဈေးတက်နေပြီး စပါးခင်းအများအပြား ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ် ပေါ်နေရာ  ဆန်အမျိုးအစားအားလုံး ဈေးတက်ကုန်ကြောင်း၊Trading Corporation of  Bangladesh (TCB)မှ ထုတ်ပြန်သည့်အချက်အလက်များအရ ဆန်အကောင်းစား လက်လီ‌ရောင်းဈေးနှုန်းများမှာ ယခင်လကထက်  ၁၄ % မြင့်တက်ပြီး တစ်ကီလိုလျှင် တာကာ ၆၄-၈၀ သို့ရောက်ရှိလာကြောင်း၊ ဆန်ကြမ်းများသည် လက်လီရောင်းဈေး ယခင်လကထက် ၈.၆ % ဈေးတက်ပြီး တစ်ကီလိုလျှင် တာကာ ၄၈-၅၃ သို့ မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

ထိုင်းမှ PT စက်သုံးဆီဆိုင်များတွင် တန်ဖိုးသင့်ထမင်းဟင်းရောင်းမည်

          ထမင်းပေါ်၌ ဟင်းကိုပုံပေးပြီး တစ်ခါပြင်တစ်ပွဲလျှင် ၂၅ ဘတ်ဖြင့်ရောင်းချပေးမည့် စီမံကိန်း ကို ဇွန် ၂၇ ရက်၌စတင်မည်ဟုထိုင်းစားသောက်ဆိုင်အသင်း(Thai Restaurant Association-TRA) က ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ လူအများ စားသောက်ကုန်ဈေးနှုန်း မြင့်တက်နေ ခြင်းကိုတစ်ဖက်တစ်လမ်းမှကူညီပေးခြင်းဖြစ်ကြောင်း၊စီမံကိန်းကိုဘန်ကောက်မြို့နှင့် အနီးတစ်ဝိုက်  ရှိ PT ဓါတ်ဆီဆိုင်များ၌ စတင်တာထွက်မည်ဖြစ်ကြောင်း၊ ပူး‌ပေါင်းဆောင်ရွက်မှုများဖြင့် အကောင် အထည်ဖော်ခြင်းဖြစ်သည်ဟု ထိုင်းစားသောက်ဆိုင်အသင်းဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း‌၊စား‌သောက် ဆိုင်များအနေဖြင့်လည်း ကုန်ဈေးနှုန်းတက်နေခြင်းကို ရင်ဆိုင်နေရသည့်အပြင်  ချက်ပြုတ်ရေး၌ သုံးစွဲသည့်  ဂတ်စ်မီးဖိုများအတွက်  Liquid Petroleum Gas(LPG) ကလည်း ဈေးတက်ကြောင်း၊ ထိုင်းအစိုးရအဖွဲ့၏ ဇွန် ၂၁ ရက် အစည်းအဝေး၌ LPG ဈေးနှုန်းအဆင့်ဆင့် မြင့်တက်ရန် အတည်ပြုခဲ့ကြောင်း၊ ၁၅ ကီလို ဆလင်ဒါကို ၃၆၃ ဘတ်မှ ၄၀၈ ဘတ်သို့ တိုးမြှင့်သတ်မှတ်မည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၁ ရက်မှ  စက်တင်ဘာလ ၃၀ ရက်အတွင်း  ၃ ကြိမ်တိုင်တိုင်ခွဲ၍ အဆင့်ဆင့်ဈေးကို ဆွဲတင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ